ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ

 

 

နေပြည်တော် ဇန်နဝါရီ ၂၇

 

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အရ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်း ဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှင်းလင်းတင်ပြ

အစည်းအဝေးတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် ခြင်းဆိုင်ရာ ဥပဒေ၊ ပြင်ဆင်သည့် ဥပဒေနှင့် နည်းဥပဒေများ ထုတ်ပြန် ထားမှု၊ အမျိုးသားရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း နှင့် ရုပ်မြင်သံကြားနှင့် အသံလွှင့် ကောင်စီဖွဲ့စည်းရေးအတွက် အဖွဲ့ က ကောင်စီဝင် ရွေးကောက် တင်မြှောက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း၊ ကောင်စီဝင်ရွေးကောက် တင်မြှောက်ရေးလုပ်ငန်း ကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများသို့ အမည်စာရင်း တောင်းခံခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ ကောင်စီဝင်ရွေးချယ် တင်မြှောက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ ကောင်စီဝင်များတွင် ရှိရမည့် အရည် အချင်း၊ အတွေ့အကြုံနှင့် နယ်ပယ် များ၊ ရုပ်မြင်သံကြားနှင့် အသံလွှင့် ကောင်စီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်း တာဝန်များ၊ Spectrum Allocation လုပ်ငန်းစဉ်များ ကြီးကြပ်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်း အချိန်ဇယားများနှင့်အတူ ရှင်းလင်း တင်ပြကြသည်။

ကြိုတင်ပြင်ဆင်ဆောင်ရွက်

ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်လှ ထွန်းတို့က ပြဋ္ဌာန်းထားရှိပြီးဖြစ်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့် ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လုပ်ငန်းစဉ်အချိန်ဇယား လျာထားသတ်မှတ်ပြီး အကောင် အထည်ဖော် ဆောင်ရွက်ရေး၊ ရုပ်မြင် သံကြားနှင့် အသံလွှင့်ကောင်စီ အနေဖြင့် မူဝါဒနှင့် လုပ်ထုံးလုပ်နည်း များ ရေးဆွဲခြင်း၊ လိုင်စင်လျှောက်ထား သူများ စိစစ်ခွင့်ပြုခြင်း၊ သက်တမ်း တိုးခြင်း၊ ဆိုင်းငံ့ခြင်း၊ လိုင်စင်သိမ်းယူ ခြင်း၊ ကျင့်ဝတ်များ ရေးဆွဲပြဋ္ဌာန်းခြင်း၊ စီမံခန့်ခွဲမှုဖြင့် အရေးယူခြင်း၊ အသုံး စရိတ်များ သတ်မှတ်ပြဋ္ဌာန်းခြင်း၊ လှိုင်းနှုန်းစဉ် လျာထားခြင်းစသည့် လုပ်ငန်းများအတွက် လိုအပ်သည် များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး မှာကြားခဲ့သည်။

သတင်းစဉ်