ရုပ်မြင်သံကြားများအတွက် LCD ဖန်သားမျက်နှာပြင်ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဟု Sharp ဆို

တိုကျို    မေ    ၁၄
ရုပ်မြင်သံကြားများ    အတွက် အကြီးစား LCD ဖန်သားမျက်နှာ ပြင်ထုတ်လုပ်မှုကို စက်တင်ဘာ လအကုန်တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ဂျပန်အီလက်ထရွန် နစ်ကုမ္ပဏီ Sharp က ပြောသည်။ 
အဆိုပါ ဖန်သားမျက်နှာပြင် များကို  အိုဆာကာစီရင်စုတွင် ရှိ သော စက်ရုံတစ်ခု၌ လက်အောက်ခံ ကုမ္ပဏီ Sakai Display Products က   ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ ကုန်ကြမ်းဈေးနှုန်းများ နှင့် လုပ်သားစရိတ်များ မြင့်တက် လာခြင်းကြောင့်      ယင်းကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ရကြောင်း၊ ထိုကဲ့ သို့ စရိတ်စက ကြီးမြင့်လာမှုက LCD လုပ်ငန်း၏ ဆုံးရှုံးမှုကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း Sharp က ပြောသည်။
ထို့ပြင် Sharp သည် ကွန်ပျူ တာများနှင့် စမတ်ဖုန်းများအတွက် အသေးစားနှင့် အလတ်စား LCD ဖန်သားမျက်နှာပြင်  ထုတ်လုပ်မှု ကိုလည်း လျှော့ချသွားမည်ဖြစ် ကြောင်း    သိရသည်။   အဆိုပါ ဖန်သားမျက်နှာပြင်များကို ဂျပန် နိုင်ငံအလယ်ပိုင်း မီစီရင်စုရှိ စက်ရုံ ၌ ထုတ်လုပ်လျက်ရှိသည်။ 
မတ်လတွင် ကုန်ဆုံးခဲ့သော ဘဏ္ဍာနှစ်၌ အသားတင်ဆုံးရှုံးမှု တန်ဖိုးမှာ  ယန်း  ဘီလီယံ  ၁၅၀ သို့မဟုတ်    အမေရိကန်ဒေါ်လာ သန်း ၉၆၀ ခန့်ရှိကြောင်း Sharp က  ပြောသည်။  ယင်းမှာ  နှစ်နှစ် ဆက်      အသားတင်ဆုံးရှုံးမှုဖြစ် ကြောင်း သိရသည်။                                                                                             
အင်န်အိတ်ချ်ကေ