
မန္တလေး ဧပြီ ၂၃
မန္တလေး နန်းမြို့ရိုးအရှေ့ဘက် ခြမ်းနှင့် တောင်ဘက်ခြမ်းတို့ တွင် တည်ဆောက်ပြီးဖြစ်သည့် ရတနာပုံဥယျာဉ်အတွင်း ပြည်သူ များအနေဖြင့် လာရောက်အပန်း ဖြေအနားယူနိုင်ရန် ဧပြီ ၁၃ ရက် တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပ ခဲ့ပြီး ဖြစ်သည်။
ပြည်သူများ နေ့စဉ်လာရောက် အပန်းဖြေခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ရန် နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၇ နာရီအထိ ဖွင့်လှစ်ပေးထားမည်ဖြစ်သည်။ ရတနာပုံ ဥယျာဉ်အတွင်းသို့ (၂၆ လမ်း နှင့် ၇၃ လမ်း)၊ ကျော်မိုးတံခါး မင်္ဂလာတံတားဝင်ပေါက်၊ (၆၆ လမ်းနှင့် ၁၉ လမ်း)ဦးထိပ် တံခါး ဝင်ပေါက်နှင့် (လမ်း ၈၀ နှင့် ၂၂ လမ်း) ကြေးမုံတံခါးဝင်ပေါက် များမှ လုံခြုံရေးအစစ်ဆေးခံပြီး အခမဲ့ ဝင်ရောက်နိုင်သည်။
ရတနာပုံဥယျာဉ်အတွင်း လူ လျှောက်လမ်းများ၊ ပေ ၃၀ အကျယ် နိုင်လွန်ကတ္တရာလမ်း၊ ၂ ဒသမ ၆၄ မိုင်အရှည် အမြန်လျှောက်လမ်း၊ ပြေးလမ်းများအပြင်၁၀ပေ အကျယ် မြက်ခင်းနှစ်ခုအကြားတွင် မိသားစု ပျော်ရွှင်စွာ လမ်းလျှောက်နိုင်ရန် တည်ဆောက်ပေးထားသည်။
ရတနာပုံ ဥယျာဉ်အတွင်း နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ကျန်းမာရေး အားကစားလှုပ်ရှားမှု များ ပြုလုပ်နိုင်သည့်အပြင် မင်္ဂလာ အကြို အလှပုံရိုက်ကူးရန်၊ မွေးနေ့ မင်္ဂလာဧည့်ခံပွဲများ၊ အထိမ်းအမှတ် ပွဲများကျင်းပနိုင်ရန် ကျုံးနှင့် မြို့ရိုး အကြား ပေ ၃၀၀ အရှည်၊ ပေ ၄၀ အကျယ်ရှိသည့် ရင်ပြင်များ တည်ဆောက်ထားသည်။
ထို့ပြင် ကျန်းမာရေးအတွက် သန့်စင်ခန်း နှစ်ခန်းကို တောင် ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းများ တွင် ထည့်သွင်းတည်ဆောက်ထား ပြီး မကြာမီကာလတွင် စက်ဘီး ငယ်များကို သတ်မှတ်နာရီနှုန်း ထားဖြင့် စီးနင်းနိုင်ရန် အစီးရေ ၁၀၀ စီစဉ်ထားရှိပြီးဖြစ်သည်။
နိုင်လွန်ကတ္တရာလမ်း တစ် လျှောက် လူကြီး၊ လူငယ်များ ၂ ဒသမ ၆၄ မိုင်ကို လှည့်လည် ကြည့်ရှုနိုင်ရန် Buggy ကားငယ် ၁၅ စီးကိုလည်း တောင်ဘက်၊ အရှေ့ဘက်နှင့် မြောက်ဘက်တို့ တွင် စီးနင်းနိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြား သားခရီးသွား ဧည့်သည်များ အတွက် (၆၆ လမ်း နှင့် ၁၉ လမ်း)ဘက်ဝင်ပေါက်တွင် ကားကြီး၊ ကားငယ်များ ဝင်ရောက်ရပ်နား နိုင်ပြီး ဥယျာဉ်အတွင်း လှည့်လည် ကြည့်ရှု၍ အနားယူ စားသုံးနိုင်ရန် ကော်ဖီ၊ အအေးဆိုင် ငါးဆိုင်ကို ခေတ်မီ Container Box Coffee Shop များဖြင့် ဖွင့်လှစ်ထားပြီး ပြည်သူများ အပန်းဖြေ၊ အနား ယူခြင်းနှင့် ကျန်းမာရေးအတွက် အားကစား ပြုလုပ်ခြင်းများ လာရောက် ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
မောင်အေးချမ်း