
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်
=======================
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်နှင့်အတူ ဂုဏ်ယူဖွယ် ရန်ကုန်တက္ကသိုလ် လက်ရွေးစင်ဘောလုံးအသင်း
============================================================
ဒေါက်တာမြင့်သန်း
(ညောင်လေးပင်)
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က စတင် တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးသည် ၂၀၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် သက်တမ်း နှစ်တစ်ရာတင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
ကမ္ဘာ့ပညာရေးလောကတွင် ခေတ်မီတက္ကသိုလ် များကို တည်ထောင်ခဲ့ကြရာ ခရစ်နှစ် ၁၀၈၈ ခုနှစ်က တည်ထောင်ခဲ့သည့် အီတလီနိုင်ငံမြောက်ပိုင်းရှိ ဗိုလိုညာ (Bologna) တက္ကသိုလ်က စတင်ခဲ့ကြောင်း သိရပါသည်။ အင်္ဂလန်နိုင်ငံ၏ ရှေးအကျဆုံးတက္ကသိုလ်များမှာ အောက်စဖို့ဒ်တက္ကသိုလ်နှင့် ကိန်းဗရစ်ချ်တက္ကသိုလ်တို့ ဖြစ်ကြပါသည်။ ပညာသင်ကြားမှု လွတ်လပ်ခွင့် အယူအဆကို ဗိုလိုညာတက္ကသိုလ်က စတင်ဖော်ထုတ် ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ တက္ကသိုလ် ပညာသင်ကြားလေ့လာရေးတွင် လွတ်လပ်မှုရှိရေးကို အာမခံသည့် “Constitution Habita” ဆိုသည့် “ချာတာ” ချမှတ်ခဲ့ပြီး တစ်ကမ္ဘာလုံးရှိ တက္ကသိုလ်အားလုံးတို့မှာ လွတ်လပ်သည့့် ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရပါသည်။
အာရှတိုက်အတွက်ပါ ဂုဏ်ယူဖွယ်ကောင်း
မြန်မာနိုင်ငံအနေဖြင့် ၁၉၂ဝ ပြည့်နှစ်တွင် ရန်ကုန် တက္ကသိုလ်ကို စတင်တည်ထောင်ခဲ့ရာ စတင်ချိန်က “တက္ကသိုလ်”ဟု မခေါ်သေးဘဲ ရန်ကုန်တက္ကသိုလ် “ယူနီဗာစီတီ” ကျောင်းတော်ကြီးဟုသာ ခေါ်ပါသေး သည်။ တက္ကသိုလ်ဆိုသည့်ဝေါဟာရကို ၁၉၃ဝ ပြည့်နှစ် တွင် စတင်သုံးစွဲခဲ့သည်။ ဆရာကြီးမင်းသုဝဏ်၏ မှတ်တမ်းများအရ ၁၂၉၂ ခုနှစ် သီတင်းကျွတ်လဆန်း ၆ ရက်နေ့တွင် ပြည်လမ်းတက္ကသိုလ်ကျောင်းတိုက်ကြီး (ယူနီဗာစီတီကောလိပ်)၊ ပင်းယဆောင် ဆရာများ၏ အခန်းတွင် ကျင်းပခဲ့သော အစည်းအဝေးက ဝေါဟာရ အချို့ကို မြန်မာမှုပြုခဲ့ကြောင်း သာဓကအားဖြင့် “University” ကို “တက္ကသိုလ်”၊ “College” ကို “ကျောင်းတိုက်”၊ “Senate” ကို “ပါမောက္ခအဖွဲ့”ဟု ခေါ်ဆိုခဲ့ပြီး“ကျောင်းတိုက်”ဆိုသည့်အခေါ်ကို ၁၉၃၆ ခုနှစ်နောက်ပိုင်း ဆရာကြီးဦးဖေမောင်တင် တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်စဉ်က သုံးခဲ့သေးပြီး စစ်ကြီးအပြီးတွင် မူလဝေါဟာရဖြစ်သော “ကောလိပ်” ဆိုသည်ကိုပဲ ပြန်သုံးခဲ့ကြောင်းပါ သိရပါသည်။ ရန်ကုန် တက္ကသိုလ်သည် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာလောကကြီးအတွက်ပါ တန်ဖိုးရှိသည့်ပညာရှင် များကိုပါ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ရန်ကုန် တက္ကသိုလ်၏ ထင်ရှားသောအကြောင်းအရာတို့ကို ဖော်ပြကြရာတွင် ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်း အကြောင်းကို လုံးဝချန်လှပ်ထားလျှင် ပြည့်စုံမည် မဟုတ်ဟု ယူဆပါသည်။ ရန်ကုန်တက္ကသိုလ် ဘောလုံး အသင်းကြီးသည် တက္ကသိုလ်နယ်မြေနှင့် မြန်မာနိုင်ငံ အတွက်သာမက အာရှတိုက်အတွက်ပါ ဂုဏ်ယူဖွယ် ကောင်းသည့် သမိုင်းကြောင်းရှိနေခဲ့ခြင်းကြောင့် ဖြစ်သည်။
ဘောလုံးလူရည်ချွန်များကို မွေးထုတ်ပေး
ရန်ကုန်တက္ကသိုလ် (နောက်ပိုင်း ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်)သည် မြန်မာ့ဘောလုံးလောကအတွက် အထူးအားထားရသော ဘောလုံးအားကစားသမားများ မွေးထုတ်ပေးခဲ့ရာ ဇာတိအမှန်ပင် ဖြစ်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်ခေတ်က Rangoon University Sports Council (ရန်ကုန်တက္ကသိုလ် အားကစားကောင်စီ)သည် အာရှဒေသ တစ်ခွင် နာမည်ကျော်ကြားခဲ့သော ဘောလုံးလူရည်ချွန် များကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့သည့် အဖွဲ့ကြီး လည်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကြီးအကြောင်းကို ဆိုကြလျှင် ရန်ကုန်တက္ကသိုလ်၏ အားကစားကဏ္ဍ၊ အထူး သဖြင့် ထိုစဉ်က တက္ကသိုလ်ဘောလုံးအသင်းဟု အောင်ဆန်းဒိုင်း ဘောလုံးပွဲစဉ်များ အပါအဝင် ပါဝင် ယှဉ်ပြိုင် ဗိုလ်စွဲခဲ့သော ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်း အကြောင်းကို ချန်လှပ်ထားခဲ့၍ ပြည့်စုံမည်မဟုတ်ပေ။ ယခုကဲ့သို့ ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ်တစ်ရာပြည့်အချိန် အခါတွင်ဆိုလျှင် ပို၍ပင်အရေးပါလှသည့် အကြောင်း အရာတစ်ခု ဖြစ်ပေသည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် ကြီးနှင့်အတူ တက္ကသိုလ်နယ်မြေအတွင်း သထုံလမ်းရှိ တက္ကသိုလ် ဘောလုံးကွင်းကလည်း စတင်အသက်ဝင် လာခဲ့သည်။ ဘောလုံးကွင်းက ဘောလုံးအကျော်အမော် တက္ကသိုလ်ကျောင်းသားများကို မွေးထုတ်ပေးခဲ့သည်။ Extra curriculum activities (ခေါ်)စာသင်ခန်းပြင်ပ လေ့ကျင့်သင်ကြားမှုများတွင် အားကစားကထိပ်ဆုံးမှ ပါဝင်သလို ဘောလုံးကစားခြင်းကလည်း ကျောင်းသား အများ နှစ်သက်စွာကစားကြသည့် ကစားနည်းဖြစ်သည်။ နယ်မှကျောင်းလာတက်သည့် ကျောင်းသားအများစုတို့ အဆောင်နေကြရာ ယင်းတွင် ဘောလုံးဝါသနာရှင်များ၊ ထူးချွန်ကစားသမားများ ပါဝင်လေ့ရှိသည်။ နေ့ကျောင်းသား အများကလည်း ဘောလုံးကစားကြသဖြင့် တက္ကသိုလ် ဘောလုံးကွင်းသည် ကျောင်းသားအပေါင်းစုဝေးကြရာ နေရာတစ်ခုလည်း ဖြစ်လာခဲ့သည်။
ဘောလုံးဝါသနာရှင်တစ်ဦး
ရန်ကုန်တက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သည့် ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)သည်လည်း ဘောလုံး ဝါသနာရှင်တစ်ဦးဟု သိရသည်။
အထက်တန်းကျောင်းသား ဘဝက ဆိုင်းတီးဝါသနာပါ၍ ကျောင်းခန်းရှိ စားပွဲဇောင်းကို ဆိုင်းတီးလေ့ရှိသလို ဘောလုံးကစားခြင်းကို အထူးဝါသနာ ပါသူ ဖြစ်သည်။ ဘောလုံးမှလွဲ၍ မည်သည့်အားကစားကိုမျှ စိတ်မဝင်စားဟု သိရသည်။ သူ၏အစ်ကိုဖြစ်သူ ဦးဘဝင်း နေထိုင်သောအိမ်၏ အရှေ့မြောက်ရှိ ချောက်ကြီးထဲတွင် သူဘောလုံးကစားလေ့ရှိသည်ဟုလည်း သိရသည်။ ရန်ကုန် တက္ကသိုလ် အားကစားကောင်စီသည် ထူးချွန်သော ကျောင်းသား ဘောလုံးသမားများကို ရန်ကုန်တက္ကသိုလ် လက်ရွေးစင်များအဖြစ် ရွေးချယ်လေ့ကျင့်ပေးသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် လက်ရွေးစင်အသင်း အဖြစ်ဖွဲ့စည်းကာ ရန်ကုန်မြို့ရှိ ဘောလုံးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် မိန်း (main) ဟု ခေါ်ကြသည့် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် သာမက ရန်ကုန်စက်မှုတက္ကသိုလ်၊ ရန်ကုန် ဆေးတက္ကသိုလ်(၁) နှင့် (၂)၊ စီးပွားရေးတက္ကသိုလ် စသည်တို့လည်း ပါဝင်ကြသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးစ အသင်းမှာ အင်အားတောင့်တင်းသောအသင်းအဖြစ် နာမည်ကျော်ခဲ့သည်။
အဆင့်မြင့်ဘောလုံးသမားများအဖြစ်တွေ့မြင်ကြရ
၁၉၆ဝ ပြည့်နှစ်ကျော် ရန်ကုန်တက္ကသိုလ်ဘောလုံး အသင်းသည် အောင်ဆန်းဒိုင်း Aung San Shield ၊ League, Round Robin(1st Division) ပထမတန်း ပတ်လည် ပြိုင်ပွဲ၊ Knock-out Opening Season ရှုံးထွက်ပြိုင်ပွဲ၊ Rice-Mill Owner Cup ဆန်စက်ပိုင်ရှင်များ ဖလားစသည့် ထိပ်တန်းပြိုင်ပွဲများတွင် “တက္ကသိုလ် အသင်း” အမည်ဖြင့် ပါဝင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသား ဖြစ်သည်နှင့် ဝါသနာအလျောက် အပျော်တမ်း ဘောလုံးသမားများသာဖြစ်သော်လည်း အလွန်ထူးချွန် သော အဆင့်မြင့်ဘောလုံးသမားများအဖြစ် တွေ့မြင်ကြရ သည်။ ထိုစဉ်က ဘောလုံးသမားများက ထူးချွန်ကြသလို နည်းပြဆရာများကလည်း အရည်အချင်း ပြည့်မီကြသူ၊ စိတ်စေတနာ ကောင်းသူများ ဖြစ်ကြသည်။ အထူးသဖြင့် နည်းပြဆရာ “ဆရာ ငြိမ်း”သည် ၁၉၆ဝ ပြည့်နှစ်ကျော် တက္ကသိုလ်အသင်းကို ထိပ်တန်းအသင်းဖြစ်အောင် ဆွဲတင်နိုင်ခဲ့သူဖြစ်သည်ဟု သတ်မှတ်ကြသည်။ ဆရာ ငြိမ်းသည် ရန်ကုန်တက္ကသိုလ် အားကစားကောင်စီက ခန့်ထားသော အားကစားအရာရှိဖြစ်ပြီး အသင်းကိုကောင်းစွာ ကိုင်တွယ်၊ လေ့ကျင့်၊ ပျိုးထောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်းသည် ၁၉၃ဝ ပြည့်နှစ်များအတွင်းကတည်းက နာမည်ရအသင်းဖြစ် ခဲ့သည်။ ထိုစဉ်က Dunlop Cup, Walter-Locke Cup,Rice-Mill Owner Cup စသည့်အတန်းမြင့်ပြိုင်ပွဲများ တွင် ဗိုလ်စွဲခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဘီအေအေ (Burma Athletics Association- BAA)၏ ဒိုင်းဆုကြီးကို ရရှိခဲ့ သည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်အသင်း၏ အဓိက ပြိုင်ဘက်မှာ ပုလိပ်(ရဲ)အဖွဲ့ကြီး (Burma Police) ဖြစ် သည်။ ကိုလိုနီခေတ်ရဲတပ်ဖွဲ့၏ အမာခံ ကစားသမား အများစုဖြင့် တောင့်တင်းစွာ ဖွဲ့စည်းထားသည့်အသင်း ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်အသင်းက အပျော်တမ်း ကျောင်းသားအသင်းသာ ဖြစ်သော်လည်း အနိုင်ရအောင် အစွမ်းပြနိုင်ခဲ့သည်။
အာရှချန်ပီယံဖြစ်သလို နာမည်လည်းကောင်းသည့်အသင်း
ဆရာငြိမ်းသည် မိမိကိုင်တွယ်ရသော ရန်ကုန် တက္ကသိုလ်အသင်းကို ထိုသို့သော ဗိုလ်စွဲနိုင်သည့် အသင်း အဖြစ် ဆောင်ရွက်နိုင်ခဲ့သလို အာရှချန်ပီယံ မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းကိုလည်း စတင်တည်ထောင် နိုင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း သိရပါသည်။ တက္ကသိုလ်အသင်းမှ မြန်မာ့လက်ရွေး စင်အချို့ကိုပင် ရွေးထုတ်မွေးဖွားနိုင်ခဲ့၍ဖြစ်သည်။ ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ကောလိပ်ဂျင်နေဝင်းသည် ၁၉၆ဝ ပြည့်နှစ်ကျော်ကာလများက ရန်ကုန် တက္ကသိုလ် လက်ရွေးစင်ဖြစ်ခဲ့သလို မြန်မာ့လက်ရွေးစင်လည်း ဖြစ်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်ကျော်ကာလများတွင် မြန်မာ့ လက်ရွေးစင် ကစားသမားအောင်ခင်နှင့် စိုးမြင့်တို့သည် ရန်ကုန်တက္ကသိုလ်အသင်းသားများ ဖြစ်ကြသည်။ ရန်ကုန် တက္ကသိုလ် ဘောလုံးအသင်းသားတို့သည် တစ်ဦးချင်းရော အသင်းလိုက်ပါထူးချွန်ကြသလို အားကစားစိတ်ဓာတ် လည်း ပြည့်ဝကြသူများအဖြစ် အသိအမှတ်ပြုခံကြရသည်။ ထိုကာလက မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် အာရှချန်ပီယံဖြစ်သလို နာမည်လည်းကောင်းသည့်အသင်း ဖြစ်သည်။ သန့်ရှင်းသောအားကစားစိတ်ဓာတ်ရှိကြသူ များဟု အသိအမှတ်ပြုခံကြရသည်။ ရန်ကုန်တက္ကသိုလ် အသင်းမှ ကျောင်းသား ကစားသမားအချို့တို့သည် ဝန်ကြီးဌာနအသင်းများအပါအဝင် ကလပ်အသင်းများသို့ သွားရောက်ကစားကြရာတွင်လည်း နာမည်ကောင်းရ နေကြသည်ကို တွေ့ရသည်။ ဆရာငြိမ်းအပါအဝင် ဆရာကောင်းများ၏ သွန်သင်ဆုံးမမှုများကြောင့်ပင် ဖြစ်သည်။
၁၉၆ဝ ပြည့်နှစ်များက ရန်ကုန်တက္ကသိုလ်အသင်း သည် အောင်ဆန်းဒိုင်း Aung San Shield Round Robin(First Division)နှင့် အခြားပြိုင်ပွဲများတွင် ဗိုလ်စွဲခဲ့သည်။ ထိုစဉ်က အဆိုပါပထမတန်းဘောလုံးပြိုင်ပွဲ များတွင် ထိပ်တန်းအသင်းကြီးများဖြစ်ကြသော SAMB (State Agricultral Marketing Board) ကောက်ပဲသီးနှံဟု ခေါ်ကြသည့်အသင်း၊ ဗမာ့ရဲတပ်ဖွဲ့အသင်း၊ အကောက်ခွန် အသင်း၊ စာတိုက်နှင့် ကြေးနန်းအသင်း၊ မြူနီစီပယ်အသင်း၊ ကြည်းတပ်အသင်း၊ ရေတပ်အသင်း၊ လေတပ်အသင်း၊ မီးရထားအသင်းစသည်တို့ ပါဝင်ကြသည်။ ထိုအသင်းကြီးတို့ သည် သေချာစွာ လေ့ကျင့်ပံ့ပိုးထားသော အသင်းများဖြစ် သော်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများအသင်းက အနိုင်ရဗိုလ်စွဲနိုင်သည်အထိ စွမ်းဆောင်နိုင်ခဲ့ကြသည်မှာ အလွန် ချီးကျူးဖွယ်ဖြစ်သည်။ “တက္ကသိုလ်--တက္ကသိုလ်-နိုင်ရမည်--နိုင်ရမည်”ဆိုသော ကျောင်းတော်သူ ကျောင်း တော်သားတို့၏ တစ်ခဲနက် အားပေးမှုများက ထိုစဉ်က ဘီအေအေဘောလုံးကွင်း (နောက်ပိုင်း အောင်ဆန်း အားကစားကွင်း)မှာ မိုးထိအောင်ညံနေခဲ့သည်။ “Play Fair,Play Hard,Never Quit” အသန့်ရှင်းဆုံးကစား၊ ကြိုးစားကစား၊ ဘယ်တော့မှအရှုံးမပေးနဲ့ဆိုသော ဆရာငြိမ်း၏ဆောင်ပုဒ်နှင့်အညီ တက္ကသိုလ်ကျောင်းတော် သားတို့ ကြိုးစားအောင်ပွဲခံနိုင်ခဲ့ကြသည်။
ရွှေတံဆိပ်ဆုရခဲ့
၁၉၆၆ ခုနှစ်က အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ကျင်းပခဲ့ရာ မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းက နောက်ဆုံး ဗိုလ်လုပွဲတွင် အီရန်နိုင်ငံအသင်းကို အနိုင်ရကာ ရွှေတံဆိပ်ဆုရခဲ့သည်။ ထိုမြန်မာ့လက်ရွေးစင်အသင်းတွင် ရှေ့တန်းကစားသူ အောင်ခင်နှင့် နောက်တန်းခံစစ်မှူး စိုးမြင့်တို့နှစ်ဦးသည် ရန်ကုန်တက္ကသိုလ် လက်ရွေးစင်များဖြစ်ကြသည်မှာ အလွန်ဂုဏ်ယူဖွယ်ကောင်းပါသည်။ ”ရွှေဂိုး-အောင်ခင်”ဟု ထိုစဉ်က ဂုဏ်ယူခဲ့ကြရလောက်အောင် အနိုင်ဂိုးသွင်းနိုင်ခဲ့ သည့် ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား လက်ရွေးစင် ဘောလုံးသမားကြီး “အောင်ခင်”ကို မေ့နိုင်ကြမည် မဟုတ်ပါ။ မြန်မာ့ဂုဏ်ဆောင်ခဲ့သည့် လူချွန်လူတော် တစ်ယောက်အဖြစ်လည်း တစ်နိုင်ငံလုံး၏ လေးစား ချစ်ခင်မှုကိုရခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ စစ်ကြိုခေတ်က ထူးချွန် သော ရန်ကုန်တက္ကသိုလ် ဘောလုံးလက်ရွေးစင်ကစား သမားများမှာ Yoke Kwin၊ မောင်ဝင်း၊ ကံညွန့်စသည်တို့ဖြစ်ကြ ပြီး စစ်ပြီးခေတ်နာမည်ကျော် ရန်ကုန်တက္ကသိုလ်ဘောလုံး သမားများမှာ နေဝင်း(ရုပ်ရှင်မင်းသားကောလိပ်ဂျင်နေဝင်း)၊ ကဲနက်ရှိန်၊ ထွန်းကြည်၊ တင်မောင်၊ အောင်ခင်၊ စောဦး စသည်တို့ဖြစ်ကြသည်။ ၁၉၆ဝ ပြည့်နှစ် ဝန်းကျင်ကာလများ က ထိုသူတို့ကို မသိသူမရှိလောက်အောင် လူသိများချစ်ခင် ကျော်ကြားခဲ့ပါသည်။ ဂိုးသမား ဂျပ်ဆင်သည် ရန်ကုန် တက္ကသိုလ် လက်ရွေးစင်မှ မြန်မာ့လက်ရွေးစင်အဖြစ် ၁၉၆ဝ ပြည့်နှစ်ကာလများက ရွေးချယ်ခံခဲ့ရပါသည်။ (Team spirit) အသင်းချစ်စိတ်၊ (National spirit) အမျိုးသား ချစ်ဓာတ်၊(sports spirit) အားကစားစိတ်ဓာတ် အပြည့်အဝ ဖြင့် စွမ်းစွမ်းတမံ ကြိုးစားခဲ့ကြသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ၏ ဘောလုံးစွမ်းရည်မှာ ကြီးမြတ်လှပါ သည်။ ဘယ်သောအခါမျှမေ့ဖျောက်နိုင်မည် မဟုတ်ပါ။
ထိုစဉ်က လူငယ်ကျောင်းတော်သားလေးများ၏ ထူးချွန်မှု၊ ဆရာငြိမ်းကဲ့သို့ ဆရာသမားများနှင့် ကျောင်း တော်ကြီးရှိ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်း တော်သူ ကျောင်းတော်သားတို့၏ ညီညွတ်မှုများကို များစွာလေးစားမိပါသည်။ ယခုကဲ့သို့ နှစ်တစ်ရာပြည့် ချိန်တွင် နိုင်ငံ့ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ဘောလုံး အသင်းကြီး၏ အခန်းကဏ္ဍကိုလည်း မမေ့မလျော့ သတိပြု ကြရမည် ဖြစ်ပေသည်။ နောင်လာနောက်သားတို့အနေဖြင့် ထိုရန်ကုန်တက္ကသိုလ်ဘောလုံးအသင်း၏ သမိုင်းကြောင်း၊ သမိုင်းကောင်းကို၊ သိရှိနားလည်နိုင်ကြစေဖို့ ဆောင်ရွက် သင့်သည်များကို ဆောင်ရွက်ကြရမည်လည်း ဖြစ်ပါသည်။
ကိုးကား- ၁. ကံ့ကော်မြေမှရာပြည့်တက္ကသိုလ်-
ဒေါက်တာကျော်ဝင်း(သမိုင်းပါမောက္ခ -ငြိမ်း)။
၂. အိုးဝေ၏ရွှေရတုသဘင်ဆောင်းပါးများ၊
၃. Yangon University is the birthplace of
brilliant Myanmar National Football Team and famous footballers
• May 24, 2019
• Global New Light of Myanmar
• By Tommy Pauk
- Log in to post comments