ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်အထိမ်းအမှတ် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ အကြိမ်(၂၀)မြောက် သုတေသနညီလာခံကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၂၁

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အကြိမ် (၂၀)မြောက် သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဤသုတေသန ညီလာခံကြီးကို ဒီဂျစ်တယ် နည်းပညာများ အကျိုးရှိထိရောက်စွာ အသုံးချ၍ ကျင်းပနိုင် ခဲ့ခြင်းဖြင့် ဆရာ ဆရာမများအား သုတေသနဆောင်ရွက်မှု အခွင့်အလမ်းများ ပိုမိုအားပေးနိုင်မည်ဖြစ်ကာ အစိုးရနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍတွင် ရေရှည်တည်တံ့ခိုင်မြဲသော လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပံ့ပိုး ပါကြောင်း၊ မည်သည့်ခွဲခြားမှုမျှ မရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မျှမကျန်ရစ်စေရေးနှင့် လူတိုင်းအကျုံးဝင်ရေး မူဝါဒများနှင့်အညီ အားလုံးပူးပေါင်းပါဝင်လျက် ယခု စာတမ်းဖတ်ပွဲကြီးတွင် ဝန်ကြီးဌာန ခြောက်ခုနှင့် တက္ကသိုလ်၊ ကောလိပ် ၆၁ ခုမှ သုတေသနနယ်ပယ် ၃၂ ခုတွင် စာတမ်း ပေါင်း ၁၁၅၀ စောင် တင်သွင်းခဲ့ပါကြောင်း၊ စာတမ်းရှင်များ ကို လေ့လာကြည့်လျှင် ပါမောက္ခ ၄၇ ဦး (၅ ရာခိုင်နှုန်း)၊ တွဲဖက်ပါမောက္ခ ၁၉၆ ဦး (၂၂ ရာခိုင်နှုန်း)၊ ကထိက ၃၁၉ ဦး (၃၇ ရာခိုင်နှုန်း)၊ လက်ထောက် ကထိက ၁၀၁ ဦး (၁၁ ရာခိုင်နှုန်း)၊ နည်းပြ၊ သရုပ်ပြ ၃၅ ဦး (၄၁ ရာခိုင်နှုန်း) နှင့် အခြား ၁၆၄ ဦး (၁၉ ရာခိုင်နှုန်း) စုစုပေါင်း ၈၆၂ ဦး ပါဝင်တင်သွင်းခဲ့ကြပါကြောင်း။

ယခင်နှစ်များက တင်သွင်းခဲ့သော စာတမ်းအရေ အတွက်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ၂၀၁၇ ခုနှစ်တွင် ၃၀၇ စောင်၊ ၂၀၁၈ ခုနှစ်တွင် ၄၅၅ စောင်၊ ၂၀၁၉ ခုနှစ်တွင် ၉၉၉ စောင်ရှိပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် ၈၆၂ စောင် တင်သွင်း ခဲ့ပါကြောင်း၊ အရေးကြီးသည်မှာ သုတေသနစာတမ်း၏ မူရင်းဖြစ်မှုနှင့် အရည်အသွေးရှိမှု၊ အရည်အသွေးရှိသော သုတေသနများ၊ အရည်အသွေးရှိသော သုတေသနဆွေးနွေး ပွဲများ၊ သုတေသနဆောင်းပါးများကို အားပေးရန်ဖြစ်ပါ ကြောင်း၊ ဆိုလိုသည်မှာ တိုင်းရင်းသားဒေသများကို ဦးစား ပေးလျက် ပြည်ထောင်စုကြီး၏ ရေရှည်တည်တံ့ခိုင်မြဲ သော ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ကာ တက္ကသိုလ်များ၏ လွတ်လပ်စွာ စီမံခန့်ခွဲမှုလမ်းကြောင်းပေါ်သို့ တက္ကသိုလ် များရောက်ရှိရေးအတွက် တက္ကသိုလ်များ၏ အရည်အသွေး ကို မြှင့်တင်ပေးနိုင်ရန် သုတေသနစာတမ်းများက အထောက် အကူပြုစေလိုပါကြောင်း၊ ဤစာတမ်းများ ရေးသားတင်သွင်း ခြင်းအားဖြင့် စာတမ်းရှင်များအနေဖြင့် မိမိ၏ သုတေသန ကို ဆန်းသစ်တီထွင်မှုနှင့် ထိုးထွင်းကြံဆမှုအပြည့်ဖြင့် နိုင်ငံတော်နှင့် တက္ကသိုလ်များ၊ ကျောင်းသားများအတွက် မိမိ၏ တာဝန်ကျေပွန်မှုကို မိမိ၏ သုတေသနလုပ်ငန်း သက်သေဖြင့် ခိုင်မာစွာပြသနိုင်ခြင်းပင် ဖြစ်ပါကြောင်း၊ ကမ္ဘာကြီးအတွက် အကောင်းဆုံးဆောင်ရွက်နိုင်သည့် အခွင့် အလမ်းကို အပြည့်အဝအသုံးချနိုင်ခဲ့သည်ဟု ယုံကြည်ပါ ကြောင်း။

စာတမ်းပေါင်း ၁၆၄၉ စောင် ထွက်ရှိခဲ့

၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် မတ်လအထိ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းပေါင်း ၁၂၇၆၇ စောင်ကို ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ Scimago သုတေသန ဂျာနယ်အဆင့်အတန်းများ သတ်မှတ်ရေးအဖွဲ့ ၏အဆိုအရ ၁၉၉၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြန်မာနိုင်ငံ သုတေသနဂျာနယ်စာတမ်းပေါင်း ၁၆၄၉ စောင် ထွက်ရှိခဲ့ သည်ဟု ဖော်ပြထားပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်၍ ပညာရေးဝန်ကြီးဌာနသည် အရည်အသွေးရှိသော ပြည်တွင်း ပြည်ပ အသုံးချသုတေသန ပိုမိုပြုစုထုတ်ဝေနိုင်ရေးကို အားပေးခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်း ပြည်ပ သုတေ သနဂျာနယ်များတွင် သုတေသနစာတမ်းပေါင်း ၂၂၁၅၇ စောင် ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ Scimago သုတေသန ဂျာနယ် အဆင့်အတန်းသတ်မှတ်ရေးအဖွဲ့၏ အဆိုအရ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံသုတေသနပညာရှင်များက သုတေသနစာတမ်း ပေါင်း ၂၁၄၀ စောင်ကို ထုတ်ဝေနိုင်ခဲ့သဖြင့် သုတေသန ဂျာနယ်များတွင် ပါဝင်ရေးသားပြုစုခဲ့သော သုတေသန စာတမ်းအရေအတွက် တိုးမြင့်လာခဲ့သည်ကို သိရှိရပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပါရဂူကျမ်း အကောင်းဆုံး သုတေသနစာတမ်းဆုများ ချီးမြှင့်နိုင်မှုအခြေအနေကို ကြည့်လျှင် ၂၀၁၇ ခုနှစ်တွင် ပါရဂူကျမ်း ၂၅ စောင်အနက် ကိုးစောင်ကို လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ပါရဂူကျမ်း ၃၄ စောင်အနက် ၁၁ စောင်ကို လည်းကောင်း၊ ၂၀၁၉ ခုနှစ် တွင် ပါရဂူကျမ်း ၄၆ စောင်အနက် ကိုးစောင်ကိုလည်း ကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ပါရဂူကျမ်း ၃၃ စောင်အနက် ၁၀ စောင်ကိုလည်းကောင်း ချီးမြှင့်ခဲ့ပါကြောင်း။

လာအိုနိုင်ငံနှင့် တီမောလက်စ်နိုင်ငံတို့မှအပ အခြား နိုင်ငံအားလုံးသည် မြန်မာနိုင်ငံထက် သုတေသနအရည် အသွေးနှင့် အရေအတွက် သာလွန်နေသေးသည်ကို တွေ့ရှိ ရပါကြောင်း၊ အာဆီယံနှင့် BIMSTEC ဒေသတွင်း နိုင်ငံ အားလုံးသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍ၌ အမြောက်အမြားရင်းနှီးမြှုပ်နှံကြသဖြင့် ကမ္ဘာတွင် သုတေ သနအားကောင်းကြပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်နှင့် ကမ္ဘာကြီးအတွက် အကောင်းဆုံးသုတေသနများကို တီထွင် ဆန်းသစ်မှုအပြည့်ဖြင့် ထိရောက်အကျိုးရှိစွာ ပုံဖော်နိုင်ရန် အတွက် စုပေါင်းအင်အားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အသိ စိတ်ဓာတ်ဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း၊ သုတေသနသည် တက္ကသိုလ်၏ အသက်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက် မှုနှင့် တက္ကသိုလ်များ၏ လွတ်လပ်သောစီမံခန့်ခွဲနိုင်မှုကို ပံ့ပိုးနိုင်ရေးအတွက် သုတေသနသည် လွန်စွာအရေးကြီးပါ ကြောင်း။

သို့ဖြစ်ပါ၍ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် တက္ကသိုလ် များ၏ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍ၌ အမြောက် အမြားရင်းနှီးမြှုပ်နှံကြပါကြောင်း၊ ယေဘုယျအားဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု၊ ပညာရေးနှင့် အလုပ် အကိုင်ရရှိမှု၊ စက်ရုံအလုပ်ရုံများနှင့် နည်းပညာ လွှဲပြောင်းမှု၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍ၏ ရေရှည်ဖွံ့ဖြိုးတိုးတက် မှုများအတွက် တက္ကသိုလ်သည် အရေးကြီးသောကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း။

သီအိုရီနှင့် လက်တွေ့ပေါင်းစပ်၍

Artificial Intelligence (AI)၊ Robotics၊ Big Data၊ Cloud Computing၊ Internet of Things (IoT) ကဲ့သို့သော Automation Technology သည် လျင်မြန်စွာတိုးတက်လာ နေပြီး ဒစ်ဂျစ်တယ် စီးပွားရေး၊ လုပ်သားဈေးကွက်ပြောင်းလဲ မှု၊ ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာနေမှုကြောင့် သီအိုရီနှင့် လက်တွေ့ပေါင်းစပ်၍ သင်ယူလေ့လာရသော အရည်အသွေးရှိသည့် ပညာရေးကို ပိုင်ဆိုင်သည့်ကလေး များ၊ ကျောင်းသားများ၊ ဘဝတစ်သက်တာသင်ယူသူများက သာလျှင် အဆင့်မြင့်ကျွမ်းကျင်မှုတို့ကို အသုံးချလျက် မညီ မျှမှုများ ဆိုးဆိုးရွားရွားကြီးထွားလာမှုကို တားဆီးနိုင်မည် ဖြစ်ကာ လူတိုင်းအတွက် သာယာဝပြောသောအနာဂတ်ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရပ် နယ်ပယ်တစ်ခုနှင့် သက်ဆိုင်သော (Disciplinary)၊ ပညာရပ်နယ်ပယ်တစ်ခု ထက်ပိုသော ပေါင်းစပ်သင်ယူမှု (Interdisciplinary) နှင့် တွေးခေါ်မှုကိုအားပေးသော ပညာဗဟုသုတ (Epistemic) တို့နှင့် သက်ဆိုင်သောပညာရပ်နယ်ပယ်များကို မြှင့်တင် ပေးရန် လိုအပ်ပါကြောင်း၊ ကွန်ပျူတာနှင့် IT နည်းပညာ များ၊ ကျွမ်းကျင်မှုသစ်များ၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုလည်း မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ ကောင်းသောသဘောထားအမြင်များနှင့် တန်ဖိုးများကို လည်း ပျိုးထောင်မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ ၂၁ရာစု ကျွမ်းကျင်မှုများနှင့် စွမ်းဆောင်ရည်များကို ရရှိစေရန် အဆင့်မြင့်နည်းပညာဖြင့်လေ့လာမှု (High-Tech Lear-ning) နှင့် ထိတွေ့သင်ယူမှု (High-Touch Learning) တို့ကို ပေါင်းစပ်ထားသည့် ပေါင်းစပ်သင်ယူမှု (Blended Lear-ning) ကို ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ဆန်းသစ်တီထွင်မှုအတွက် ပညာရေးကို နည်းပညာ၊ သက်မွေးပညာရေးနှင့် ချိတ်ဆက်လျက် တက္ကသိုလ်ပညာ ရေးသို့ ဦးတည်လျှောက်လှမ်း သင်ယူလေ့လာခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက် မှုပန်းတိုင်သို့ အရောက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို လေ့ကျင့်သင်ယူ နိုင်မည် ဖြစ်ပါကြောင်း၊ လူ့အဖွဲ့အစည်းအားလုံးသည် တစ်သက်တာသင်ယူသူများ ဖြစ်လာစေရန် နည်းပညာ အသုံးပြု၍ လေ့လာသင်ယူသွားရမည် ဖြစ်ပါကြောင်း၊ ကျောင်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းရည်မြှင့်တင်ရန် တန်ဖိုးထားမှုနှင့် ကမ္ဘာ့လူသားကောင်းများ မွေးထုတ်ပေးရန် အရေးကြီးပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းလာ၍ ကျွမ်းကျင်မှုလိုအပ် သော အလုပ်အကိုင်သစ်များ ပေါ်ထွက်လာပါကြောင်း၊ သို့ဖြစ်၍ အနာဂတ်အလုပ်အကိုင်ကောင်းများ ရရှိရေး အတွက် ဆန်းသစ်တီထွင်သည့် သင်ကြားသင်ယူမှု နည်းလမ်း၊ ဆန်းသစ်သည့်စွမ်းရည်များ၊ ကျွမ်းကျင်မှုများ၊ သဘောထားအမြင်များနှင့် ခေတ်မီနည်းပညာများ အသုံး ပြု၍ ၂၁ ရာစု ကျွမ်းကျင်မှုများကို လေ့ကျင့်ပျိုးထောင်ကာ လူတိုင်းစာတတ်မြောက်ရေး၊ အခြေခံသင်္ချာတတ်မြောက် ရေး၊ သိပ္ပံနှင့် အိုင်စီတီတတ်ကျွမ်းရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိ စသည့်အခြေခံတတ်မြောက်မှုများကို ဖြည့် ဆည်းပေးရန်လိုအပ်ပါကြောင်း၊ စစ်ဆေးအကဲဖြတ်မှုသည် လည်း ကျွမ်းကျင်မှုနှင့် စွမ်းရည်များ ပြည့်ဝစေရန်၊ အထောက်အကူကောင်းဖြစ်စေရန် လိုအပ်ပါကြောင်း။

သို့ရာတွင် သင်ယူတတ်မြောက်ရေးအတွက် အောင်မြင် စွာမဆောင်ရွက်နိုင်ပါက သင်ယူလိုစိတ်ကို ဖျက်ဆီးတတ် သည်ကို အထူးသတိပြုရန် အရေးကြီးပါကြောင်း၊ သုတေ သနနှင့် နည်းပညာလွှဲပြောင်းမှုကို မြှင့်တင်ရန်အတွက် ကျောင်းများနှင့် စက်ရုံအလုပ်ရုံများ မိတ်ဖက်ဖွဲ့စည်းခြင်း (Schools and Industry Partnership – SIP) ကို အကောင် အထည်ဖော်ရန် ဖြစ်ပါကြောင်း၊ ကုန်သည်များ၊ စက်မှု လုပ်ငန်းရှင်များနှင့် နီးကပ်စွာပူးပေါင်းလျက် ၂၁ ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များရရှိစေမည့် သင်ရိုး ညွှန်းတမ်းများကိုအသုံးပြု၍ သင်ကြားသင်ယူကာ အသုံးချ သုတေသနကို အားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အရည်အသွေးအာမခံမှု (Quality Assurance) အတွက် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံ မှုအကဲဖြတ်ကော်မတီ (National Accreditation and Quality Assurance Committee – NAQAC) က ပြင်ပ အကဲဖြတ်အဖွဲ့အဖြစ် ဆောင်ရွက်ကာ ပြန်လည်သုံးသပ် အကဲဖြတ်ခြင်းနှင့် အမျိုးသားပညာရေးအဆင့်အတန်း သတ်မှတ်ခြင်းကို ဆောင်ရွက်ပေးရန်နှင့် ဖွဲ့စည်းပုံ၊ ပညာရပ် နယ်ပယ်နှင့် ဘဏ္ဍာငွေသုံးစွဲမှု၊ လူသားအရင်းအမြစ်များအား အရည်အသွေးမြှင့်တင်မှုတို့တွင် လွတ်လပ်စွာကိုယ်ပိုင်စီမံ ခန့်ခွဲခွင့်ကို တက္ကသိုလ်ပဋိညာဉ်စာတမ်းနှင့်အညီ အားပေး ဆောင်ရွက်ရန် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) တွင် ထည့်သွင်းထားပါကြောင်း၊ အရည် အသွေးရှိသော စီးပွားရေးစနစ်၊ ဘဏ်လုပ်ငန်းစနစ်၊ ကုန် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတို့တွင် ရေရှည်တည်တံ့ခိုင်မြဲ သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အမြင့်ဆုံးအကျိုးအမြတ်ရရှိစေ နိုင်ရန်အတွက် တက္ကသိုလ်သုတေသနနှင့် တီထွင်ဆန်းသစ်မှု ကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍပါဝင်မှုကို အားပေးဆောင်ရွက် သွားကြပါရန် တိုက်တွန်းပြောကြားသည်။

အဆိုပါ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အကြိမ် (၂၀) မြောက် သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ များ၊ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် များ၊ ပါမောက္ခများ၊ သုတေသနပညာရှင်များနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။

သတင်းစဉ်