
ရန်ကုန် ဩဂုတ် ၁
နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကို ပြည်သူနှင့်အတူ ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးရွယ်အိုများကို ယနေ့နံနက်ပိုင်း ကစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေး လျက်ရှိရာ ရန်ကင်းမြို့နယ် မိုးကောင်းဘုရားဝင်း အတွင်းရှိ အရိယာဓမ္မာရုံ၌ သက်ကြီးရွယ်အို ၈၀၀ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခဲ့သည်။
ပူးပေါင်းဆောင်ရွက်ပေး
ရန်ကင်းမြို့နယ်အတွင်း အသက် ၆၅ နှစ်နှင့် အထက် လူဦးရေ ၆၉၃၂ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို လူဦးရေ ၈၀၀ အတွက် ယနေ့စတင်ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိသည်။
“အခုလောလောဆယ် အသက် ၆၅ နှစ်နှင့် အထက် လူဦးရေ ၈၀၀ အတွက် ဆေးရတဲ့အတွက် ထိုးနှံပေးနေပါတယ်။ နောက်ထပ်လည်း ဆေးရရင် ရသလို ထပ်မံထိုးပေးသွားမှာပါ။ ဒီနေ့ထိုးပြီးသွားတဲ့ သက်ကြီးရွယ်အိုတွေ စက်တင်ဘာ ၁ ရက်နေ့မှာ ဒုတိယအကြိမ်ထပ်ထိုးရမှာပါ။ အသက် ၆၅ နှစ်နှင့် အထက် ထိုးနှံတာဖြစ်တဲ့အတွက် လူဦးရေ ၇၀၀၀ နီးပါး ဒီမြို့နယ်မှာရှိပါတယ်။ သက်ကြီးပိုင်းတွေဖြစ် တဲ့အတွက် ကာကွယ်ဆေးကို ပိုပြီးထိုးသင့်ပါတယ်” ဟု ရန်ကင်းမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သီသီလတ်က ပြောသည်။
ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်ဖြတ်သန်းနေရ ချိန်တွင် သက်ကြီးရွယ်အိုများ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုလျော့ကျစေရန်နှင့် ကပ်ရောဂါကို ကျော်ဖြတ်နိုင်ရန် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ပြီး လာရောက်ထိုးနှံသော သက်ကြီးရွယ်အိုများအနေ ဖြင့် ဝမ်းသာပီတိဖြစ်လျက်ရှိသည်။
ဝမ်းမြောက်ဝမ်းသာကြိုဆို
“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရောဂါ ကာကွယ်မှုရအောင် လာပြီးထိုးနှံတာပါ။ နိုင်ငံတော် ရဲ့စေတနာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ သက်ကြီးဝါကြီးတွေရဲ့ ကျန်းမာရေးကိုကောင်းအောင် လုပ်ဆောင်ပေးတဲ့အတွက် သာဓုလည်းခေါ်ပါတယ်။ ကပ်ကြီးဘေးမှ အမြန်ဆုံးကင်းဝေးလွတ်မြောက် ပါစေလို့လည်း ဆုတောင်းပါတယ်”ဟု ရန်ကင်း မြို့နယ် အမှတ် (၁၃) ရပ်ကွက်မှ အသက် ၇၈ နှစ်ရှိ အဘဦးတင်ရွှေက ဝမ်းသာပီတိစကားပြောကြား သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ် စည်းကမ်းချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ၁၈ နှစ်ပြည့်ပြီးသူများကိုလည်း ကာကွယ်ဆေး ထိုးနှံပေးရန် စာရင်းများကောက်ခံလျက်ရှိ သည်။
စာရင်းပြုစုနေ
“ဆေးအလုံး ၄၀၀ ရတဲ့အတွက် ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်စံနှုန်းနဲ့အညီ လူဦးရေ ၈၀၀ ကို ထိုးနှံပေးသွားမှာပါ။ အသက် ၁၈ နှစ်နှင့် အထက် ကာကွယ်ဆေးထိုးဖို့လည်း စာရင်းပြုစု နေပါတယ်။ တတိယလှိုင်းမှာ ရောဂါတော်တော် များများခံစားရတဲ့အထဲမှာ ဆေးမထိုးတဲ့သူတွေ ပိုပြီးထိခိုက်တာကိုတွေ့ရမှာပါ။ ကာကွယ်ဆေးထိုးတဲ့ အတွက် ရောဂါဖြစ်ပွားမှုကို တားဆီးကာကွယ်ရာရောက်တာကြောင့် ပြည်သူလူထုအတွက်လည်း လုံခြုံစိတ်ချမှုရရှိတဲ့အတွက် နိုင်ငံတော်ရဲ့ ဆောင်ရွက်မှုအပေါ် အားရဝမ်းသာဖြစ်ရပါတယ်”ဟု ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်က ပြောသည်။
သတင်း- ညိမ်းသူ
ဓာတ်ပုံ - ကနူး