
နေပြည်တော် ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ အချိန်နှင့်တစ်ပြေးညီ ထိရောက် စွာ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြန်လည်မြင့်တက်လာ
အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ပြန်လည်မြင့်တက် လာသည်ကိုတွေ့ရှိရပါကြောင်း၊ ရောဂါဖြစ်ပွားမှု များမြင့်တက်လာခြင်းကို အချိန်နှင့်တစ်ပြေးညီ ကာကွယ်ထိန်းချုပ်ရန်လိုအပ်၍ ကုသရေးလုပ်ငန်း များ၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ စသည်ဖြင့် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ရောဂါ သံသယလူနာများအနေဖြင့်လည်းကောင်း၊ အတည်ပြု လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများနေဖြင့် လည်းကောင်း၊ ရောဂါပိုး ရှိ၊ မရှိ အမြန်စစ်ဆေးနိုင် ရေးနှင့် ပိုးတွေ့ရှိပါကလည်း အမြန်ဆုံးကုသ စောင့်ရှောက်မှုများပေးနိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်များကိုအခြေပြု၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက် ရေးအဖွဲ့များနှင့် လူနာခုတင်စီမံခန့်ခွဲမှုကော်မတီ များ ဖွဲ့စည်းထားရှိပြင်ဆင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရုံးချုပ်)အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနကို အားဖြည့်ဆောင်ရွက်ခြင်းအနေဖြင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်ရောဂါတိုက်ဖျက် ရေး)နှင့် ညွှန်ကြားရေးမှူး(ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး)တို့ ပါဝင်သောအဖွဲ့မှ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်လေးခုကိုအခြေပြု၍ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့များဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပိုးတွေ့ရှိသည့်လူနာ များကို သက်ဆိုင်ရာကုသရေးစင်တာများသို့ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးနိုင်ရေး၊ ဓာတ်ခွဲ စစ်ဆေး၍ ပိုးတွေ့ရှိရခြင်းမရှိသူ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများကိုလည်း သက်ဆိုင်ရာ ကွာရန်တင်းစင်တာများ (သို့မဟုတ်) ဟိုတယ်ကွာရန်တင်းစင်တာများသို့ ပို့ဆောင်ပေး နိုင်ရေးအတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့များအနေဖြင့် နှီးနွှယ်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့်ချိတ်ဆက်၍ ဆောင်ရွက်မည် ဖြစ်ပါကြောင်း တင်ပြသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက အတည်ပြု လူနာများကို ခရိုင်အလိုက်ဖွဲ့စည်းထားသည့် လူနာခုတင် စီမံခန့်ခွဲမှုကော်မတီများမှတစ်ဆင့် သက်ဆိုင်ရာ ခရိုင်အဆင့်ဆေးရုံများ၊ မြို့နယ်/တိုက်နယ်ဆေးရုံများ၊ ကုသရေးစင်တာများသို့ လွှဲပြောင်းပို့ဆောင်နိုင်မည့်အခြေအနေ၊ နှီးနွှယ် ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ဆေးရုံတက်ရောက်ကုသရမည့် ကာလ ကို လျှော့ချနိုင်မည့်အခြေအနေ၊ တတိယလှိုင်းကာလ တွင် လူနာနည်းပါးလာမှုကြောင့် ခေတ္တရပ်နားထား ရသည့် ကုသရေးစင်တာများကို ပြန်လည်ဖွင့်လှစ် နိုင်မည့်အခြေအနေ၊ ကုသရေးဆိုင်ရာ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေ၊ အောက်ဆီဂျင်နှင့် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိသည့် အခြေအနေ၊ လူနာတင်ယာဉ်ရရှိနိုင်မည့် အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသခြင်း လုပ်ငန်းများ စသည်တို့ဆောင်ရွက်ရာတွင် အစစအရာရာ အဆင်ပြေချောမွေ့စေရေးအတွက် မိမိကိုယ်တိုင် သံသယလူနာ(သို့မဟုတ်) ဓာတ်ခွဲ အတည်ပြုလူနာ တစ်ဦးဖြစ်ပါက မည်သို့ဆောင်ရွက် ရမည်ဆိုသည်ကိုစဉ်းစား၍ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်း များကိုသတိပြု၍ အလေးထားဆောင်ရွက်ကြစေ ရေး၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေး အတွက် ကျန်းမာရေးအသိပညာမြှင့်တင်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် ဖြစ်ကြောင်း နှင့် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို အချိန် နှင့်တစ်ပြေးညီ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်