
နေပြည်တော် အောက်တိုဘာ ၂၀
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲစာရင်းပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်း လစဉ်တိုက်ဆိုင်စိစစ်ခြင်းနှင့် မဲရုံများလျာထား သတ်မှတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း နှင့် ဦးစောဘလှိုင်တို့ ဦးစီးသည့်အဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် သန်လျင်ခရိုင် မဲဆန္ဒနယ်မှ မြို့နယ် ငါးမြို့နယ်၏ အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စိစစ်ထားရှိမှုနှင့် အဆိုပြု မဲရုံလျာထားချက် စိစစ်အတည်ပြုသတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို သန်လျင်ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်ငါး မြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူးများနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိများ တက်ရောက် ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည်။ (အပေါ်ပုံ)
မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲတို့သည် မဲစာရင်းပြုစုရာတွင် ကော်မရှင်က သတ်မှတ်သည့် ပုံစံဇယားများအတိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန တို့က ပြုစုထားသည့် လူဦးရေစာရင်းများကို ရယူ အခြေခံပြုစုလျက်ရှိရာ ၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလ အခြေခံလူဦးရေစာရင်း တိုက်ဆိုင် စိစစ်တွေ့ရှိချက်များအရ ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်၏ မြေပြင်တွင်နေထိုင်သူဦးရေ စာရင်း တွင် ၁၅၃၆၂ ဦး ၊ ဥပဒေနှင့်အညီနေထိုင်သူစာရင်းတွင် ၈၅၆၅ ဦး၊ နိုင်ငံသားကတ်ရှိသူစာရင်းတွင် ၁၃၅၅၀ အရေအတွက်တိုးလာကြောင်း သိရှိရသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မြို့နယ် ၄၅ မြို့နယ်၏ အခြေခံလူဦးရေ လစဉ်စိစစ်တိုက်ဆိုင် မှုနှင့် အဆိုပြုမဲရုံများ လျာထားသတ်မှတ်ခြင်း လုပ်ငန်းကို အောက်တိုဘာ ၁၂ ရက်မှစတင်ဆောင် ရွက်ခဲ့ရာ အောက်တိုဘာ ၂၀ ရက်တွင် တိုင်းဒေသကြီး နယ်မြေရှိ မြို့နယ်အားလုံး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
သတင်းစဉ်