
ရန်ကုန် ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အပါအဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကင်းဝေးစေရေး အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိပြီး ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၈ ရက် အထိ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ခြင်များခိုအောင်းနိုင်သည့် နေရာများနှင့် ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နေသော ဘူး၊ ခွက်၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများကို ဖယ်ရှား ရှင်းလင်းခြင်း၊ မြို့နယ်အတွင်း ရေစီးဆင်းမှုမရှိသည့် ပိတ်ဆို့နေသော ရေနုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အထူးအလေးထားဆောင်ရွက်ခြင်း၊ ရေစည်၊ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များ ပေါက်ပွားမှု ကင်းဝေးစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေး အတွက် ခြင်ဆေးများမှုတ်ပေးခြင်း စသည်ဖြင့် မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါအပါအဝင် ခြင်မှတစ်ဆင့် ကူးစက် ရောဂါများဖြစ်ပွားခြင်းမှ ကင်းဝေးစေရေးအတွက် အရှိန် အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် ၂၀၂၁ ခုနှစ် အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆၇ ဦးအထိ ရှိပြီး ယခုနှစ်တွင် ၃၁ ဦးအထိ ရှိလာပြီဖြစ်သောကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(တာမွေ)