ရန်ကုန်တိုင်းဒေသကြီး၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးက တည်ဆောက်ပေးခဲ့သော ဝန်ထမ်းအိမ်ရာနှင့် ပြည်သူ့အတွက် အငှား၊ အရောင်းအိမ်ရာများ(၂)

Type
5

 

ခရမ်းစိုးမြင့်
 

ကနောင်တန်ဖိုးနည်းအိမ်ရာစီမံကိန်း


ရန်ကုန်အရှေ့ပိုင်းခရိုင်       ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်  ကနောင်မင်းသားကြီးလမ်း   ဒဂုံဆိပ်ကမ်း စက်မှုဇုန် အပိုင်း(၂)အနီးတွင် တည်ရှိသည်။ တန်ဖိုး နည်းအိမ်ရာ ရှစ်ခန်းတွဲ လေးထပ်တိုက်  ၁၂  လုံး (အခန်း ၃၇၂ ခန်း)နှင့် ခြောက်ခန်းတွဲ လေးထပ်တိုက် အလုံး ၂၀ (အိမ်ခန်း ၄၈၀) ပါဝင်သော စီမံကိန်းဖြစ် သည်။  ၂၀၂၂-၂၀၂၃   ဘဏ္ဍာနှစ်တွင်    ရှစ်ခန်းတွဲ ငါးထပ်တိုက် ငါးလုံး(အိပ်ခန်းပေါင်း ၂၀၀)ထပ်မံ ဆောက်လုပ်ရန် စီစဉ်ထားသည်။ အိမ်ခန်းတစ်ခန်း လျှင် ၄၅၆ စတုရန်းပေ ကျယ်ဝန်းပြီး ကနောင်ဈေးရုံ ကိုလည်း တည်ဆောက်ပေးထားသည်။

 


ရိုးမတန်ဖိုးနည်းအိမ်ရာစီမံကိန်း


ရန်ကုန်အရှေ့ပိုင်းခရိုင်  ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာလမ်း ကျီစုစက်မှုဇုန်အနီး(၁၆၈)ရပ်ကွက်တွင် တည်ရှိသည်။ မူလရည်ရွယ်ချက်မှာ ကျူးကျော်တဲအိမ်များတွင်နေသည့် မိသားစုများ အား တန်ဖိုးနည်းအငှားအိမ်ရာ အငှားချထားရန် ဖြစ်သည်။ လေးခန်းတွဲ ငါးထပ် အငှားအိမ်ရာ တိုက် ခြောက်လုံး  (အခန်းပေါင်း ၁၂၀) ဆောက်လုပ်၍ အိုးပိုင်အိမ်ပိုင်  မရှိသူများအား   စိစစ်ရွေးချယ်ပြီး နေရာချထားပေးခဲ့သည်။

 


အောင်မြင့်မိုရ်တန်ဖိုးနည်းအိမ်ရာစီမံကိန်း


ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွာသာကြီး အနီး အမှတ်(၂)လမ်းမကြီးနှင့်   လှော်ကားလမ်း အကြား    ရိုးမရိပ်သာလမ်းပေါ်၌   တည်ရှိသည်။ လမ်းပန်းဆက်သွယ်ရေးအတွက် YBS ဘတ်စ်ကား လိုင်းများရှိသည်။ ရေ၊  လျှပ်စစ်၊  ကားပါကင်နှင့် ဈေးဆိုင်များ ထည့်သွင်းတည်ဆောက်ထားသည်။ တိုက်ခန်းများမှာ ခြောက်ခန်းတွဲ လေးထပ်တိုက် ၂၄ လုံး၊ ရှစ်ခန်းတွဲ   လေးထပ်တိုက် ၁၂ လုံးနှင့် လေးခန်းတွဲ သုံးထပ်တိုက် ရှစ်လုံး စုစုပေါင်း တိုက် ၄၄ လုံးတွင် အခန်း ၁ဝ၅၆ ခန်း ပါဝင်သည်။

 


သီလဝါတန်ဖိုးနည်းအိမ်ရာစီမံကိန်း


ရန်ကုန်တောင်ပိုင်းခရိုင်    သန်လျင်မြို့နယ် သီလဝါပြည်တွင်းစက်မှုဇုန်၊ သီလဝါအထူးစီးပွားရေး ဇုန် (SEZ)နှင့်     သန်လျင်နည်းပညာတက္ကသိုလ်အနီး တွင် တည်ရှိသည်။ သီလဝါ SEZ ကို အထောက်အကူ ပြုမည့်    ရည်ရွယ်ချက်ဖြင့်   တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာ၊     တန်ဖိုးလတ်အိမ်ရာများ တည်ဆောက်သွားမည်ဖြစ်သည်။

 


ပထမအဆင့် မြေ ၃၁ ဧကတွင် တိုက် ၅၅ လုံး (အိမ်ခန်းယူနစ်ပေါင်း   ၁၇၀၈   ခန်း)  ပါဝင်သော သီလဝါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ၁-၄-၂၀၁၇ ရက်က စတင်ဆောက်လုပ်ခဲ့သည်။   တည်ဆောက် ပြီးစီးထားသည့် အဆောက်အအုံများရှိ တိုက်ခန်း များကို  ဈေးနှုန်းများသတ်မှတ်ပြီးဖြစ်၍   စတင် ရောင်းချနေပြီ ဖြစ်သည်။ 

 


ဒုတိယအဆင့်အနေဖြင့်   ရှစ်ခန်းတွဲ   ငါးထပ် တိုက် ငါးလုံး(တိုက်ခန်း ၂၀၀) ပါဝင်သော တန်ဖိုးသင့် အိမ်ရာစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက ပန္နက်ရိုက်ပြီး        စတင်ဆောက်လုပ်ခဲ့သည်။ သွားလာမှုလွယ်ကူစေရန် YBS ဘတ်စ်ကားများ ပြေးဆွဲပေးရန် စီစဉ်ခဲ့ပြီး ဆေးခန်းနှင့် စာသင်ကျောင်း ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်လျက်ရှိသည်။

 


အင်းဝအိမ်ရာစီမံကိန်း


ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) ဧရာဝဏ်လမ်းမကြီးဘေးတွင်     အင်းဝအိမ်ရာ စီမံကိန်းကို ဝင်ငွေအလယ်အလတ်ရှိသော မိသားစု များနှင့်      ဝင်ငွေနည်း     ပြည်သူများအတွက် အကောင်အထည်ဖော် တည်ဆောက်ထားသည်။ မြေတိုင်းရပ်ကွက်(၆၆) အိမ်ရာစီမံကိန်းမြေဧရိယာ ၁၃ ဒသမ ၀၈၃ ဧကပေါ်တွင် လေးခန်းတွဲ ငါးထပ် တိုက် ရှစ်လုံး (အခန်း ၁၆၀)၊ လေးခန်းတွဲ ငါးထပ်တိုက် ၁၄ လုံး (အခန်း ၂၈၀)၊  နှစ်ခန်းတွဲ လေးထပ်တိုက်  ၂၂ လုံး(အခန်း ၁၇၆ ခန်း)၊ လေးခန်းတွဲ သုံးထပ် တိုက် ခုနစ်လုံး(အခန်း ၈၄ ခန်း)၊ နှစ်ခန်းတွဲ သုံး ထပ်တိုက် တစ်လုံး(အခန်း  ခြောက်ခန်း)၊  လေး ထပ်တိုက် တစ်လုံး(အခန်း လေးခန်း)၊  ခြောက် ခန်းတွဲ သုံးထပ်တိုက် သုံးလုံး   (အခန်း  ၅၄  ခန်း)တို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

 


အင်းဝအိမ်ရာစီမံကိန်းသည် တိုက်စုစုပေါင်း ၅၆ လုံး(အိမ်ခန်းပေါင်း ၇၆၄ ခန်း)ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသဖြင့် လူဦးရေ ၃ဝဝဝ မှ ၄၀၀၀ ခန့်အထိ ကောင်းမွန်စွာ နေထိုင်နိုင်မည့် Apartment Housing တစ်ခုဖြစ်သည်။ တိုက်ခန်းတန်ဖိုးများမှာ ဈေးအနည်းဆုံးဖြစ်သည့် အကျယ် ၇၄၀ စတုရန်းပေ ငါးလွှာ တိုက်ခန်းက ၁၆၅ သိန်း၊ မြေညီထပ်က ၃၂၅ သိန်း၊ အခန်းအကျယ် ၁၁၇၅ စတုရန်းပေ လေးလွှာ တိုက်ခန်းက ကျပ် ၂၈၅ သိန်း၊ မြေညီထပ်က ကျပ် သိန်း ၄၈၀ ဖြစ်သည်။ ဈေးဆိုင်ခန်းများ လိုအပ်ချက် ကိုလည်း ထည့်သွင်းစဉ်းစားပြီး လူနေဈေးဆိုင်အိမ် ပုံစံ Shop House အဖြစ် လေးခန်းတွဲ သုံးထပ်၊ နှစ်ခန်းတွဲ သုံးထပ် (အခန်းပေါင်း ၉၀) ထည့်သွင်း တည်ဆောက်ပေးထားသည်။

 


ပုလဲမွန်အိမ်ရာစီမံကိန်း


ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) (၆၅) ရပ်ကွက်   Town  Center  Area  အနီးတွင် အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခုကို   အကောင် အထည်ဖော် ဆောင်ရွက်ထားသည်။ အိမ်ရာအမည် ကို      ပုလဲမွန်အိမ်ရာဟု     အမည်ပေးထားပြီး အစိုးရဝန်ထမ်း၊ အရာထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ အား    ဦးစားပေးရောင်းချပေးခဲ့သော    တန်ဖိုးသင့် အိမ်ရာစီမံကိန်းဖြစ်သည်။ အိမ်တန်ဖိုး ၅၀ ရာခိုင် နှုန်းပြည့်မီသည်အထိ    အရစ်ကျပေးသွင်းဝယ်ယူ နိုင်ပြီး   CHID  Bank  မှ  ၅၀ ရာခိုင်နှုန်း ဘဏ်ချေးငွေ ရယူနိုင်သည်။

 


ပုလဲမွန်အိမ်ရာစီမံကိန်းတွင် အိမ်ခန်းအကျယ် ၈၀၀ စတုရန်းပေရှိ လေးခန်းတွဲ လေးထပ်တိုက် ငါးလုံး (အခန်း ၈၀)၊ အကျယ် ၁၁၅၀ စတုရန်းပေရှိ လေးခန်းတွဲ လေးထပ်တိုက် ၁၀ လုံး (အခန်း ၁၆ဝ) နှင့် အကျယ် ၁၁၇၅ စတုရန်းပေရှိ နှစ်ခန်းတွဲ လေး ထပ်တိုက် လေးလုံး (အခန်း ၃၂ ခန်း)ဖြင့် စုစုပေါင်း တိုက်ခန်း ၂၇၂ ခန်း ပါဝင်သည်။ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကုန်ကျငွေမှာ ကျပ် ၁၁ ဒသမ ၄၂၅ ဘီလီယံဖြစ်သည်။

 


အိမ်ရာဝင်းအတွင်း ပန်းခြံ၊ ကလေးကစားကွင်း၊ ဓမ္မာရုံအဆောက်အအုံ၊ ကားပါကင်နှင့် စားသောက် ဆိုင်နှစ်ဆိုင် တည်ဆောက်ပေးထားပြီး အိမ်ရာ ရေ ပေးဝေရေးစနစ်မှာ ရှစ်လက်မ  အဝီစိတွင်း လေး တွင်းနှင့် ဂါလန်တစ်သိန်းဆံ့ မြေစိုက်ရေလှောင်ကန်မှ ရေဖြန့်ဝေသည့်စနစ်ဖြင့် ဆောင်ရွက်ပေးထားသည်။

 


အချုပ်အားဖြင့် တင်ပြရလျှင် ရန်ကုန်တိုင်းဒေသ ကြီး၏   မြို့တော်ရန်ကုန်သည်   စီးပွားရေးမြို့တော်ဟု နိုင်ငံတော်က သတ်မှတ်ထားသည်နှင့်အညီ လူဦးရေ ထူထပ်များပြားသောဒေသဖြစ်ပြီး  အစိုးရဝန်ထမ်း၊ စက်ရုံဝန်ထမ်းများလည်း    အများအပြားရှိနေသော တိုင်းမြို့တော်ကြီးဖြစ်ရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည်     တိုက်တာအဆောက်အအုံများ တည်ဆောက်၍ ဝန်ထမ်းများ၊ ပြည်သူများ၏ နေရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိ ပေသည်။          ။