ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ ဓာတ်အားလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအမံများ ချမှတ်ဆောင်ရွက်

 

နေပြည်တော်  ဩဂုတ်  ၁၃ 


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍   ညှိနှိုင်းအစည်းအဝေးကို  ယနေ့  နံနက် ၉ နာရီတွင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

 


ညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ရုံး၊ ဦးစီးဌာန၊ လုပ်ငန်းများမှ   ညွှန်ကြားရေးမှူးချုပ် များ၊  ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် စက်မှုဇုန်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က မိမိတို့ဝန်ကြီးဌာနအနေဖြင့်    လျှပ်စစ်ဓာတ်အား သုံးစွဲသူ  ပြည်သူများနှင့်  စက်မှုဇုန်/စက်မှုလက်မှု လုပ်ငန်းများတွင် တည်ငြိမ်သော လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက်   ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်    ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတွင် နှစ်စဉ်တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်ကို       ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ဆဲစီမံကိန်းများအနေဖြင့်     ရေအား လျှပ်စစ်စီမံကိန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအပြင်  နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အား  ဝယ်ယူ နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက် ၍လည်း လေစွမ်းအင်အပါအဝင်  အရင်းအမြစ်မျိုးစုံ ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ် နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်   ဓာတ်အားစနစ်   တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးနှင့် ဝန်အားပြည့်နေသည့် ဓာတ်အားလိုင်းများအား ဓာတ်အားများပိုမို သယ်ယူ နိုင်ရေးတို့အတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများကိုလည်း စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးရှိ      စက်မှုဇုန်/စက်မှု လက်မှုလုပ်ငန်းများတွင်     လိုအပ်လျက်ရှိသည့် ဓာတ်အားလိုအပ်ချက်များကိုလည်း    ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အစီအမံများ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊   စက်မှုဇုန်များ၏   ဓာတ်အား လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရန် Infrastructure   များကိုလည်း    အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးတွင်   အများပြည်သူများ   လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ  အသုံးပြုနိုင်ရေးအတွက်သာမက စက်မှု လက်မှုလုပ်ငန်း     ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ လျှပ်စစ်ဓာတ်အားကို   အလုံအလောက်ဖြန့်ဖြူးပေး နိုင်မှသာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍသည်များစွာ တိုးတက်လာနိုင်မည်ဖြစ်သဖြင့်   မိမိတို့ဝန်ကြီးဌာန အနေဖြင့်  စက်မှုလက်မှုလုပ်ငန်းရှင်များ  ကြုံတွေ့ နေရသည့်    အခက်အခဲများကို     ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များအနေ ဖြင့်လည်း မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများ ကို   ရှင်းလင်းပြောကြားစေလိုကြောင်း    ပြောကြား သည်။    

 


ထို့နောက်   လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း   ဦးဆောင်ညွှန်ကြားရေးမှူးက  လျှပ်စစ် ဓာတ်အားထုတ်လုပ်နေမှုကိုလည်းကောင်း၊ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်    ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပို့လွှတ်နေမှုကိုလည်းကောင်း၊     ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက ရန်ကုန် တိုင်းဒေသကြီးအတွင်း    ဓာတ်အားဖြန့်ဖြူးမှုကို လည်းကောင်း၊   စက်မှုဇုန်များရှိ   တာဝန်ရှိသူများက လျှပ်စစ်ကဏ္ဍတွင်     ရင်းနှီးမြှုပ်နှံမည့်   လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်     လျှပ်စစ်ကဏ္ဍ ဆိုင်ရာ   လိုအပ်ချက်များကိုလည်းကောင်း  တင်ပြ ဆွေးနွေးကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ် သည်များကို   ပေါင်းစပ်ညှိနှိုင်း၍    ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး     ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်