ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးသယံဇာတကွင်းဆက်မပြတ်စေရန် ငါးသားပေါက်ကောင်ရေ သိန်း၂၆၀ ကို စက်တင်ဘာလလယ်တွင် အပြီးစိုက်ထည့်မည်

ရန်ကုန်     ဩဂုတ်   ၂၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် သဘာဝရေပြင်နှင့် ဆည်တမံ၊  မြစ်၊ ချောင်း တို့၌ ငါးလုပ်ငန်းဦးစီးဌာနက ငါးသားပေါက်များ စိုက်ထည့်လျက်ရှိရာ  ရန်ကုန်တိုင်းဒေသကြီးအတွင်း သတ်မှတ်လျာထားသော ငါးသားပေါက် ကောင်ရေသိန်း  ၂၆၀ ကို  စက်တင်ဘာလလယ်တွင်   အပြီးစိုက်ထည့် သွားမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး  ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။


ယခုမိုးရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငမိုးရိပ်ဆည်၊  လှော်ကားရေလှောင်တမံ၊ သာဓုကန်ရေလှောင်တမံ၊ ဖူးကြီးရေလှောင် တမံ၊    ဘန့်ဘွေးကုန်းရေလှောင်တမံ၊    ဖောင်ကြီးရေနောက်အင်း၊  မအူချောင်း၊ ဘောလည်ချောင်း၊ ဘားလားချောင်း၊ တွံတေးဇီးဖြူကုန်း ချောင်း၊ တွံ့တေးရွှေမအင်းချောင်း၊ ရွှေကသစ်ချောင်း၊ သဝန်းလုံးချောင်း၊ သမန်ကြီးအင်းချောင်း၊ မိုးမခချောင်း၊ တံခွန်နိုင်ချောင်း၊ အောင်ထွန်း ချောင်း၊ မချောချောင်း၊ ကျွဲဖြူချောင်း၊ ကျောက်တန်းမှော်ဝန်းချောင်း၊ ပန်းလှိုင်ချောင်း၊ သံကြိုးတိုင်ချောင်း၊ တွံတေးတူးမြောင်း၊ လှိုင်မြစ်၊ ခရမ်း၊ သုံးခွ၊ တိုက်ကြီး၊  ကွမ်းခြံကုန်း၊   ကော့မှူးနှင့်   ထန်းတပင် သဘာဝရေပြင်တို့တွင် ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမငါးသားပေါက် ကောင်ရေ   ၁၈၃  သိန်းကို   ဩဂုတ် ၂၄  ရက်အထိ    စိုက်ထည့်ခဲ့ကြောင်း သိရသည်။


ဆည်နှင့်ရေလှောင်တမံတို့တွင် ငါးသားပေါက်ကောင်ရေ ၂၈ ဒသမ ၂ သိန်းနှင့် မြစ်၊  ချောင်း၊ အင်း၊ အိုင်နှင့်   သဘာဝရေပြင်တို့၌ ငါးသားပေါက်ကောင်ရေ  ၂၃၁  ဒသမ  ၈  သိန်း   စုစုပေါင်း ငါးသားပေါက် ကောင်ရေ သိန်း ၂၆၀ ကို ယခုနှစ် မိုးရာသီတွင် မျိုးစိုက်ထည့်သွားမည် ဖြစ်ပြီး တွံတေးမြို့နယ်အတွင်း ငါးသားပေါက်ကောင်ရေ သိန်း ၂၀၊ ကွမ်းခြံကုန်းသဘာဝရေပြင်၊ ကျောက်တန်းမှော်ဝန်းချောင်းနှင့်  သုံးခွ ချောင်းအတွင်း  ယခုလနောက်ဆုံးပတ်တွင်   ငါးသားပေါက်ကောင်ရေ သိန်း ၄၀ ခန့် စိုက်ထည့်သွားမည်ဖြစ်ပြီး ကျန်ရှိသော  ငါးသားပေါက် များကို တွံတေးမြို့နယ်အတွင်း စိုက်ထည့်သွားမည်ဖြစ်သည်။


“ငါးသယံဇာတထိန်းသိမ်းရေးအတွက်ရည်ရွယ်ပြီး ငါးသားပေါက် တွေကို စိုက်ထည့်တာပါ။ တိုင်းရင်းငါးမျိုးစိတ်တွေ ရေရှည်တည်တံ့မှုဟာ ငါးစားသုံးမှုနဲ့ ထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်စေပါတယ်။ ဒီနှစ်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြည်တွင်း သဘာဝရေပြင်တွေမှာ ငါးသယံဇာတတွေပေါများစေဖို့ ရည်ရွယ်ပြီး ငါးသယံဇာတ   စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းနိုင်ရေးနဲ့   ဒေသခံ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းနဲ့ဝင်ငွေရရှိစေဖို့၊ ငါးသယံဇာတ  မျိုးကောင်းမျိုးသန့်တွေ   ရေရှည်တည်တံ့မျိုးပွားစေဖို့နဲ့    ငါးရိက္ခာ ရေရှည်စားသုံးနိုင်ဖို့၊ ငါးမွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက်    တိုင်းဒေသကြီးအတွင်းမှာရှိတဲ့   သဘာဝမြစ်ချောင်းတွေ၊ ဆည်တမံအတွင်းမှာ ငါးမျိုးစိုက်ထည့်တာပါ။ ငါးသားပေါက်ကောင်ရေ သိန်း ၂၆၀ လျာထားဆောင်ရွက်နေပါတယ်” ဟု  ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက ပြောသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း လှော်ကားငါးသားဖောက်စခန်းမှ ကောင်ရေ သိန်း ၁၂၀၊ လေးထောင့်ကန် ငါးသားဖောက်စခန်းမှ ကောင်ရေ သိန်း ၈၀ နှင့် တွံတေးငါးလုပ်ငန်းစခန်းမှ ကောင်ရေ သိန်း ၇၀ ဖြင့် ယခုနှစ် မိုးရာသီတွင် ငါးသားပေါက်များကို စိုက်ထည့်လျက်ရှိပြီး နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ၏  လမ်းညွှန်မှုနှင့်အညီ   တိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာငါးမျိုးစိုက်ထည့်သည့် ကြီးကြပ်ရေးအဖွဲ့တို့၏ ငါးသားပေါက်အရွယ်အစား မှန်ကန်မှု ရှိ/မရှိ၊ အမြီးမှခေါင်းအထိ နှစ်လက်မ ပြည့်မီမှုနှင့် ကောင်ရေမှန်ကန်မှု ရှိ/မရှိ တို့ကို စစ်ဆေးအတည်ပြုပြီးနောက် ငါးသားပေါက်များကို စိုက်ထည့် လျက်ရှိကြောင်း သိရသည်။                        

    ညိမ်းသူ(သတင်းစဉ်)