
ရန်ကုန် ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်မြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာ များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများ သည် မကြာမီဖွင့်လှစ်မည့် လှိုင် ကိုဗစ်-၁၉ ကုသရေး စင်တာသို့ ထက်ကမ္ဘာကျော်ကုမ္ပဏီမှ လှူဒါန်းသော အောက်ဆီဂျင်ထုတ်လုပ်သည့် စက်သစ်ရောက်ရှိမှု ကို ကြည့်ရှုခဲ့ပြီး အလှူရှင်များအား ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ကုသရေးစင်တာအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ များအား နေရာချထားပေးမည့် အိပ်ဆောင်များတွင် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ဆောင်ရွက်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား သည်။
အဆိုပါ လှိုင် ကိုဗစ်-၁၉ ကုသရေးစင်တာတွင် တပ်ဆင်ထားရှိမည့် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်သစ်မှာ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်ဆလင်ဒါအိုးပေါင်း ၁၂၀ အထိ ထုတ်လုပ်ပေးနိုင်ကြောင်း၊ စက်တန်ဖိုး ငွေကျပ်သိန်း ၁၂၀၀ ကျသင့်ကြောင်း၊ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၆၀၀ ခန့် စောင့်ရှောက်ကုသနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရန်ကင်း ပညာရေးဒီဂရီကောလိပ်ဝင်းအတွင်းရှိ ရန်ကင်း ကုသရေးစင်တာအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ များအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အိပ်ဆောင် တစ်ဆောင်နှင့် စာသင်ဆောင် တစ်ဆောင်တို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၆၀၀ ခန့် စောင့်ရှောက်ကုသနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုသ ရေးစင်တာတွင် တာဝန်ထမ်းဆောင်ကြမည့် ဌာန ဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား အားပေးစကားများ ပြောကြားသည်။
ဆက်လက်၍ အင်းစိန်မြို့နယ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း အမှတ်(၃) သံမဏိစက်ရုံ ရွာမရှိ ဓာတ်ငွေ့ထုတ်လုပ်ရေးဌာနစုမှ ဆောင်ရွက်နေသည့် အောက်ဆီဂျင် ဖြည့်တင်းထုတ်လုပ်နေမှုလုပ်ငန်း များကို ကြည့်ရှုကြောင်း သိရသည်။
နိုင်လင်းကျော်(ပြန်/ဆက်)