
နေပြည်တော် ဩဂုတ် ၃၀
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ် ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး၊ အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှု ဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲ တန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူးရောင်းချခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီ ၁၆ခုမှ အိမ်သုံးဆေးဝါး ၂၁၄ မျိုးကို ရောင်းချပေးလျက်ရှိပြီး ငွေကျပ် ၃၂ သိန်းကျော်တန်ဖိုး ရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။
အလားတူ ပထမအစီအစဉ် အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည့် အလုံမြို့နယ် ကမ်းနား လမ်း လွတ်လပ်ရေးရပ်ကွက် အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း ၁၁ရက် မြောက်နေ့အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိ ပြီး ယနေ့တွင် ငွေကျပ် ၁၀ သိန်း ကျော်တန်ဖိုးရှိ ဆေးနှင့်ဆေး ပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက ရွေ့လျားဈေး ကားဖြင့် သားငါးများ ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်