
နေပြည်တော် ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသည့် မြို့နယ် ကိုးမြို့နယ် အောင်မြင်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ခဲ့ခြင်းကြောင့် နောင်ကျင်းပမည့် ရွေးကောက် ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားဖြစ်မှု ဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက် ခဲ့ပါကြောင်း၊ ပန်းခင်းစီမံချက်ကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် ပမာဏကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် လျာထားသတ်မှတ်ထားရာ လျာထားသတ်မှတ်ချက် ပြည့်မီပြီးစီးအောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းစီမံချက်သည် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုံခြုံရေးဆိုင်ရာ နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ကြားမှ ဆောင်ရွက်ကြရခြင်း ဖြစ်ပါကြောင်း။
ယခုအခါ လုပ်ငန်းကာလ ကိုးလကြာပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် မြို့နယ် ၄၅ မြို့နယ် အနက် ယခုအခါ မြို့နယ်ကိုးမြို့နယ်သည် ပန်းခင်း စီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည့် အတွက် ယခုကဲ့သို့ အောင်မြင်ခြင်းအခမ်းအနား ကျင်းပကာ ဂုဏ်ပြုရခြင်းဖြစ်ပါကြောင်း၊ လျာထား ချက်ပြည့်မီရန် ကျန်ရှိနေသေးသည့် မြို့နယ်များ သည်လည်း သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် ပြီးစီးနိုင်ရေးအတွက် လုပ်နိုင်သမျှ နည်းလမ်းများ ရှာကြံကာ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်မည့် e-ID စနစ် လုပ်ငန်းကိုလည်း ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံသားဆိုင်ရာလုပ်ငန်းများနှင့် ဆက်လက်ချိတ်ဆက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပေး ပြောကြားလိုကြောင်း၊ ဆက်လက်၍ ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးက ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမှု၊ သတ်မှတ်ကာလအတွင်း လျာထားချက်ရာနှုန်းပြည့် ပြီးစီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွား မည့် အစီအစဉ်များကိုလည်းကောင်း၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက ရန်ကုန်တိုင်းဒေသကြီး အတွင်း ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်နေမှုကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည့် ပုဇွန် တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဒဂုံ၊ ဆိပ်ကြီးခနောင်တိုနှင့် ကိုကိုးကျွန်းစသည့် မြို့နယ်ကိုးမြို့နယ်မှ တာဝန်ရှိသူ များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အထိမ်းအမှတ် ပစ္စည်းများ ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာကြသူများသည် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ရုံးမှ စီစဉ်ဆောင်ရွက်ထားသည့် ပန်းခင်းစီမံချက် ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ Video Clip ကို ကြည့်ရှု အားပေးပြီး မြို့နယ်ကိုးမြို့နယ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ခြင်း အထိမ်းအမှတ် လက်ဆောင်များကို တိုင်းဒေသကြီး ဦးစီးမှူးက ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကို အမှတ်တရ ပေးအပ်သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးက ဆောင်ရွက်လျက်ရှိသည့် e-ID လုပ်ငန်း တွင် အသုံးပြုရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကွန်ပျူတာအလုံး ၅၀ ကို တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ပေးအပ်ရာ ရန်ကုန်တိုင်းဒေသ ကြီး ဦးစီးမှူး ဦးအောင်ဝင်းသိန်းက လက်ခံရယူသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၅ မြို့နယ်ရှိသည့်အနက် မြို့နယ်ကိုးမြို့နယ်သည် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသူများ၏ အမည်စာရင်းအားလုံး မှတ်တမ်းပြုစု၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများက အတည်ပြုလက်မှတ်ရေးထိုး ကြပြီး သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များက ထပ်ဆင့်အတည်ပြု လက်မှတ်ရေးထိုး မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ကျင်းပသည့် e-ID လုပ်ငန်းရှင်းလင်းပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက e-ID စနစ် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွား မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသူများ၏ ကိုယ်ရေးအချက်အလက်များအား ကွန်ပျူတာဖြင့် ဖြည့်သွင်းနေမှု၊ နေပြည်တော်(ရုံးချုပ်)မှ ပေးပို့သည့် အချက်အလက်များနှင့် တိုက်ဆိုင်၍ e-ID စနစ် အကောင်အထည်ဖော်ရာတွင် ချိတ်ဆက်အသုံးပြု နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မင်္ဂလာ ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ လိုအပ်သည်များ ရှင်းလင်းမှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်