
ရန်ကုန် ဇူလိုင် ၃၀
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်ရှိ အထက (လှည်းကူး)တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပေးနေမှုများကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာသို့ ဆေးထိုးရန် လာရောက်သူများကို ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အတွက် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာဖြင့် တန်းစီဝင်ရောက်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆေးထိုးပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံမှု ခံယူနေသည့် ကျန်းမာရေး ဝန်ထမ်းများကို ကြည့်ရှုအားပေးပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် လှည်းကူးမြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်သူ့ဆေးရုံကြီးတွင် အများအကျိုး ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများ၊ မြို့နယ် အတွင်းရှိ အသက် ၆၅ နှစ်အထက်ရှိသူများ စုစုပေါင်း ၂၅၇ ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရပြီး မြို့နယ် အတွင်းရှိ အသက် ၆၅ နှစ်အထက်ရှိသူများ၊ ပြည်သူ့ ဝန်ထမ်းများ၊ ပြည်သူများ စသည့် ဆေးထိုးရန်ကျန်ရှိ သူများကို ကာကွယ်ဆေးထိုးပေးနိုင်ရန် စာရင်း ကောက်ယူလျက်ရှိပြီး ဆေးရရှိပါက သြဂုတ်လ ပထမပတ်အတွင်း စတင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)