
ရန်ကုန် မတ် ၁၃
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခု၌ ယနေ့နံနက် ၉ နာရီတွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာ ပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။
ယနေ့ သင်္ချာဘာသာရပ် ဖြေဆိုသောနေ့တွင် ကမာရွတ်မြို့နယ်၊ ခရမ်းမြို့နယ်နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှ ကျောင်းသူ သုံးဦး ဆေးရုံမှ ဖြေဆိုခဲ့ကြပြီး မှော်ဘီမြို့နယ် အမှတ်(၁)အထက် တန်းကျောင်း စာစစ်ဌာန၌ ကိုယ်အင်္ဂါမသန်စွမ်းသူ တစ်ဦး၊ ရွှေပြည်သာမြို့နယ် အမှတ်(၃)အထက်တန်း ကျောင်း စာစစ်ဌာန၌ ကိုယ်အင်္ဂါမသန်စွမ်းသူ တစ်ဦး၊ ဒဂုံမြို့နယ် အမှတ် (၁) အထက်တန်းကျောင်း စာစစ် ဌာန၌ အမြင်အာရုံချို့တဲ့သူ သုံးဦး၊ ကြည့်မြင်တိုင် မြို့နယ် အမှတ်(၁)အထက်တန်းကျောင်း စာစစ် ဌာန၌ အမြင်အာရုံချို့တဲ့သူ သုံးဦးတို့ဖြင့် စုစုပေါင်း ရှစ်ဦးနှင့် အင်းစိန်အကျဉ်းဦးစီးရှိ အမှတ်(၁၃) အလယ်တန်းကျောင်း စာစစ်ဌာန၌ အကျဉ်းသား ခုနစ်ဦးတို့လည်း ဖြေဆိုခဲ့ကြသည်။
လေ့ကျင့်သင်ကြားပေး
၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲသည် Grade-12 သင်ရိုးသစ်၊ စနစ်သစ်ဖြင့် ဖြေဆိုရခြင်း ဖြစ်ပြီး ကျောင်းသား ကျောင်းသူများ သက်ဆိုင်ရာ ဘာသာရပ်များနှင့် မေးခွန်းပုံစံများကို သိရှိနားလည် စေရန် ဆရာ ဆရာမများအား သင်တန်းများ ပို့ချပေး ခဲ့သည့်နည်းတူ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဌာနတို့မှ ထုတ်ဝေသည့် Grade-12 သင်ရိုး သစ်နှင့်ပတ်သက်သည့် ဘာသာရပ်အလိုက် မေးခွန်း ပုံစံများကိုလည်း ကျောင်းများ၌ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး