
ရန်ကုန် ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ သဘာဝသမိုင်းပြတိုက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် မြန်မာ့ပထမဦးဆုံး နိုင်ငံတကာ အဆင့်မီ ဆင်ပြတိုက်ကို ပိတ်ရက်မရှိ အများ ပြည်သူ လာရောက်လေ့လာကြည့်ရှုနိုင် ကြောင်း သိရသည်။
အဆိုပါ ဆင်ပြတိုက်ထဲတွင် အများ ပြည်သူ လေ့လာကြည့်ရှုနိုင်စရာအဖြစ် အာရှ ဆင်များ၏ ပျံ့နှံ့ကျက်စားရာ ဒေသများနှင့် အလေ့အထ၊ မြန်မာနိုင်ငံအတွင်း တောဆင်ရိုင်း များ ပျံ့နှံ့ကျက်စားပုံ၊ အမူအကျင့်များနှင့် ၎င်းတို့၏ ခေတ်အဆက်ဆက် သမိုင်းကြောင်း အသေးစိတ်များကို စိတ်ဝင်စားဖွယ် လေ့လာ ကြည့်ရှုနိုင်ကြောင်းနှင့် ဆင်အစိတ်အပိုင်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ ကျောက်ဖြစ် ရုပ်ကြွင်းများ၊ အရိုးစုရုပ်ပုံ၊ အစွယ်များ၊ ဆင်အစိတ်အပိုင်းများနှင့် ပြုလုပ်ထားသည့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများကို အသေးစိတ် အနီးကပ်လေ့လာနိုင်မည်ဖြစ်ပြီး ဆင်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို လေ့လာဖတ်ရှုနိုင်မည့် စာအုပ်များထားရှိပေး ထားသည့်အပြင် Souvenir Shop မှ အရည်အသွေးကောင်းမွန်သည့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို ဝယ်ယူနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း သဘာဝသစ်တော နယ်မြေများ၌ လက်ရှိတွင် ကျက်စားနေထိုင် ကြသည့် တောဆင်ရိုင်းများကို ထိန်းသိမ်း ကာကွယ်နိုင်ရန်၊ ဆင်နှင့် လူတို့ကြား ပဋိပက္ခ ဖြစ်ပွားမှုများကို လျော့နည်းလာစေရန်၊ တော ဆင်ရိုင်းများ သတ်ဖြတ်ခံရမှု၊ ဆင်နှင့်ဆင်အစိတ် အပိုင်းများ တရားမဝင်ကူးသန်းရောင်းဝယ်နေ မှုများကို တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တွင် ပြည်သူလူထု သိမြင်နိုးကြားလာပြီး ပူးပေါင်းကူညီ ဆောင်ရွက်လာစေရန်နှင့် ဆင်ချစ်သူများအတွက် ဆင်ပြတိုက်ထဲသို့ ဝင်ရောက်လေ့လာပြီး ဆင်တွေအကြောင်းကို ပိုမိုသိရှိ ရင်းနှီးချစ်ခင်လာစေရန် ရည်ရွယ် ချက်ဖြင့် ၂၀၁၉ ခုနှစ် မတ် ၃ ရက်က စတင်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး