
နေပြည်တော် ဇူလိုင် ၅
၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၁) တတိယနေ့ကို ဇူလိုင် ၅ ရက်က ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်းသည် ရန်ကုန်အသင်းကို သရေကစားပြီး ရာသီဝက်ချန်ပီယံ အဖြစ် ရပ်တည်နိုင်ခဲ့သည်။
YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ဂိုးမရှိသရေကျခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းသည် ၄၅ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကောင်း ထပ်မံရယူကာ ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ အနီးကပ်ဆုံးပြိုင်ဘက် ဖြစ်သည့် ရန်ကုန်အသင်းကို သရေကစားနိုင်ခဲ့သည့် ရှမ်းယူနိုက်တက် အသင်းသည် ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်းဖြစ် သည်။
ရန်ကုန်အသင်းသည် အသစ်ခေါ်ယူထားသည့် ကိုလံဘီယာတိုက်စစ် မှူး ဗလင်စီယာအပါအဝင် ဒေးဗစ်ထန်၊ ဇော်ဝင်းသိန်း၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊ ဆယ်လာတို့ဖြင့် လူစုံထုတ်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်း ကလည်း နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် ဟိန်းသီဟဇော်၊ နန္ဒကျော်၊ ကျော်ဇင်လွင်၊ မျိုးကိုထွန်းတို့ဖြင့် လူစုံပါဝင်ကစားခဲ့သည်။ ယခုပွဲအပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ၁၁ ပွဲ ကစားရမှတ် ၂၉ မှတ်ဖြင့် ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပြီး ရန်ကုန်အသင်းက ၁၀ ပွဲကစား ၂၅ မှတ် ရရှိထားသည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် မဟာယူနိုက်တက်အသင်းက GFA အသင်းကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ မဟာယူနိုက်တက် အသင်းသည် အပြန်အလှန်သွင်းဂိုးများဖြင့် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ပြီး GFA အသင်းမှာမူ အရှုံးရလဒ်ကြောင့် ဇယားအောက်ဆုံးမှ ရုန်းထွက်နိုင် ခြင်းမရှိသေးပေ။ မဟာယူနိုက်တက်အသင်းအတွက် ဂိုးများကို ၁၀ မိနစ် တွင် အာကာကျော်၊ ၃၈ မိနစ်တွင် ကျော်စွာမင်း၊ ၄၅+၂ မိနစ်တွင် ပက်ထရစ်၊ ၆၅ မိနစ်တွင် မျိုးမင်းဖြိုး၊ ၈၈ မိနစ်တွင် နေလင်းထွန်းတို့က သွင်းယူပြီး GFA အသင်းအတွက် ချေပဂိုးများကို ၂၄ မိနစ်တွင် ချမ်းငြိမ်း၊ ၅၅ မိနစ်တွင် ဂျိူးဇက်နှင့် ၉၀+၂ မိနစ်တွင် ဟိန်းသက်ဖြိုးတို့က သွင်းယူခဲ့သည်။ ယခုပွဲအပြီးတွင် မဟာယူနိုက်တက်အသင်းက ၁၁ ပွဲ ကစား ၁၄ မှတ်၊ GFA အသင်းက ၁၁ ပွဲကစား ခုနစ်မှတ်ရရှိထားသည်။
ပွဲစဉ် (၁၁) နောက်ဆုံးနေ့အဖြစ် ဇူလိုင် ၆ ရက် (ယနေ့) တွင် သုဝဏ္ဏ ကွင်း၌ ရတနာပုံအသင်းနှင့် မြဝတီအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MNL