ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)မှ ကျောင်းသားများကိုယ်တိုင် ပေါင်မုန့်များ ထုတ်လုပ်နေပြီး အဝယ်လက်ခံရမှုများရှိ

 

ရန်ကုန် ဇန်နဝါရီ ၂၃


ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)မှ ကျောင်းသားများကိုယ်တိုင် ပေါင်မုန့်များ ထုတ်လုပ်နေပြီး အဝယ်လက်ခံရမှုများရှိကြောင်း အထက်ပါကျောင်းမှ သိရသည်။
“ကျွန်မတို့က ခုမှစကြော်ငြာတာ။ လာတော့အားပေးကြပါတယ်။ တချို့ ကျတော့သတင်းကြားပြီး လေးလပိုင်းမှာဆို ကျွန်မတို့ကို အော်ဒါမှာထားတာ ရှိတယ်။ များတော့ မများသေးဘူး။ သူတို့က အခုမှသင်ရင်းနဲ့လုပ်နေတုန်းပါ။ ပေါင်မုန့်အမျိုးအစားကိုပဲ မျိုးစုံလုပ်တာ။ ကိတ်မုန့်လိုင်းကိုတော့ မသွားသေးဘူး။ ပေါင်မုန့်ထဲက ပဲနို့ပေါင်မုန့်၊ ပဲပေါင်မုန့် ပြီးရင် ဗနီကာတို့ဘာတို့ အဲဒီလိုပေါင်မုန့် မျိုးစုံ သူတို့လုပ်တယ်”ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)မှ ထုတ်လုပ်သော ပေါင်မုန့်မျိုးစုံကို ‌ မုန့်ဖုတ်ဝါသနာပါသည့်  အထက်ပါကျောင်းရှိ  လေးတန်းမှ  ကိုးတန်းအထိ ကျောင်းသားများက ထုတ်လုပ်နေခြင်းဖြစ်ကာ ကျောင်းသူများ မပါဝင်ကြောင်းနှင့် အွန်လိုင်းမှ အားပေးမှုများလည်းရှိကြောင်း သိရသည်။
“မုန့်ဖုတ်တာ ဝါသနာပါတော့ မုန့်လုပ်တယ်။ ကျောင်းတက်ရင်း လုပ်ကြ တာပေါ့။ ကျွန်မတို့ကို အွန်လိုင်းကနေပြီးတော့ ဆက်သွယ်ကြတယ်။ အွန်လိုင်းက  မှာတာကို မပို့နိုင်သေးပါဘူး။ တချို့တွေကို ပြန်ပြီးငြင်းရတယ်”ဟု ၎င်းက ရှင်းပြသည်။
ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)တွင် ဆရာ ဆရာများနှင့် ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများအပါအဝင် စုစုပေါင်း ၁၂၁ ဦးရှိပြီး ၎င်းထဲတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၅ ဦးရှိကြောင်း သိရသည်။ 

သစ်တော်