ရန်ကုန်မြို့တွင်း ရေစီးရေလာကောင်းမွန်ရေး စီမံဆောင်ရွက်လျက်ရှိ

 

ရန်ကုန် ဩဂုတ် ၁၇


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ  အင်ဂျင် နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)သည် ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းချိန်နှင့် ဒီရေတက်ချိန် တိုက်ဆိုင် ပါက    မြို့တွင်းရှိချောင်းများ၊   ရေနုတ်မြောင်းများမှ ရန်ကုန်မြစ်၊  ပဲခူးမြစ်၊  ငမိုးရိပ်ချောင်းများအတွင်းသို့ စီးဝင်သည့် မြစ်ထွက်ပေါက်များ၏ ရေတံခါးများပိတ်၍ တပ်ဆင်ထားသည့်   ရေစုပ်စက်များဖြင့်     မြို့တွင်းမှ ရေအားစုပ်ထုတ်၍   ရေကြီးရေလျှံမှုမဖြစ်အောင်   စီမံ ဆောင်ရွက်လျက်ရှိသည်။

 


ရန်ကုန်မြို့တွင် ယမန်နေ့ နံနက်မှ ယနေ့နံနက်အထိ မိုးရေချိန်  ၆ ဒသမ ၆၉  လက်မအထိ   သည်းထန်စွာ ရွာသွန်းခဲ့ပြီး ယနေ့နံနက်ပိုင်းက ဒီရေ ၁၉ ဒသမ ၈၈ ပေထိ မြင့်တက်ခြင်းတို့ကြောင့် ရန်ကုန်မြို့တွင်း ရေကြီး ရေလျှံမှုမဖြစ်စေရန် ရေစီးရေလာကောင်းမွန်ရေး  စီမံ ဆောင်ရွက်လျက်ရှိရာ  ရန်ကုန်တိုင်းဒေသကြီးစည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီက လမ်းမတော်မြို့နယ် (၁) ရပ်ကွက် အောင်ရတနာလမ်းတွင် လသာမြို့နယ် လမ်းမတော်မြို့ နယ်များတစ်လျှောက် စီးဆင်းလာပြီး ရွာသစ်ချောင်း အတွင်းသို့ စီးဝင်သည့် ကျုံးကြီးမြောင်း ရေစီးရေလာ အခြေအနေကိုလည်းကောင်း၊   မော်တင်ယာယီဈေး ရပ်ကွက်၊   ကမ်းနားလမ်းရှိ   ရွာသစ်ချောင်း  မြစ်ထွက် ပေါက်တွင် ရေတံခါးများပိတ်၍ တစ်နာရီလျှင် ရေဂါလန် ၁၉၀၀၀၀  စုပ်ယူနိုင်သည့်  ရေစုပ်စက်ဖြင့်  ရန်ကုန်မြစ် အတွင်းသို့ ရေစုပ်ထုတ်နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး   လိုအပ်သည်များ   မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


 ယခုအခါ   မုတ်သုံလေအားအလွန်ကောင်းခြင်း နှင့် အရှေ့ဘက်မှဆင်းလာသည့် လေပွေလှိုင်းများကြောင့် ကမ်းရိုးတန်းဒေသတစ်လျှောက်   ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊ မွန် ပြည်နယ်နှင့်   ကရင်ပြည်နယ်တို့တွင်   ဆက်လက်၍ မိုးထစ်ချုန်းရွာရန်  ခန့်မှန်းထားသဖြင့် ရန်ကုန်မြို့တွင် ရေကြီးရေလျှံမှုမဖြစ်အောင် ဘက်စုံမှ  စီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။                      

သတင်းစဉ်