
ကေကေစီ (DOB)
ရန်ကုန်တိုင်းဒေသကြီး၏ တောင်ဘက်အပိုင်းရှိ ဒလမြို့သည် ဧရာဝတီတိုင်းဒေသကြီးသို့ ထွက်ပေါက်မြို့တစ်မြို့ဖြစ်ပြီး ရန်ကုန် မြို့တော်နှင့် အနီးဆုံးဖြစ်သော်လည်း ရန်ကုန်မြစ်နှင့် ပိုင်းခြားထား သဖြင့် ရေလမ်းဖြင့်သာ ရန်ကုန်မြို့သို့ သွားရောက်ရပြီး လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နည်းပါးခဲ့ရပါသည်။
ရန်ကုန်မြစ်ပေါ်တွင်
တံတားတစ်စင်းတည်ဆောက်
ရန်ကုန်မြို့တော်နှင့် အနီးဆုံးဖြစ်သည့် ဒလမြို့နှင့် ဆက်စပ်ဒေသ များ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် တံတားတစ်စင်းကို ရန်ကုန်မြစ် ကို ဖြတ်သန်းတည်ဆောက်ရန် နိုင်ငံတော်အကြီးအကဲများက ကြံဆ ခဲ့ကြပါသည်။ ဤသို့ဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကိုရီးယားပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက် ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံသမ္မတနှစ်ဦး တွေ့ဆုံစဉ် မြန်မာနိုင်ငံ တွင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး တံတားစီမံကိန်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး ကိုရီးယား သမ္မတနိုင်ငံ၏ Economic Development Cooperation Fund (EDCF) ချေးငွေဖြင့် ရန်ကုန်မြစ်ပေါ်တွင် တံတားတစ်စင်း တည်ဆောက်ရေးကို ၂၀၁၃ ခုနှစ်တွင် အတည်ပြုခဲ့ပါသည်။
တံတားအူကြောင်းရွေးချယ်မှုနှင့်ပတ်သက်၍ လက်ရှိအဆောက် အအုံများ၏ ထိခိုက်မှုအနည်းဆုံးဖြစ်သော ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းနှင့် ဒလဘက်ကမ်း ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်မည့် လမ်းအူကြောင်းအဖြစ် ရွေးချယ်ခဲ့ပြီး တည်ဆောက် ရေးလုပ်ငန်းများကို ကိုရီးယားသမ္မတနိုင်ငံ GS Engineering & Construction Co., Ltd. က ၂၀၁၉ ခုနှစ် မေလတွင် လုပ်ငန်းများ စတင်ခဲ့ပါသည်။
မြန်မာနိုင်ငံ၏ လမ်းနှင့် ယာဉ်သွားလာမှုပုံစံဖြစ်စေရန် ပေါင်းစပ်ရွေးချယ် ထုတ်လုပ်
တံတားပုံစံထုတ်လုပ်ရာတွင် အသုံးပြုသည့် စံချိန်စံညွှန်းများသည် မြန်မာနိုင်ငံ၏ လမ်းနှင့် ယာဉ်သွားလာမှုအခြေအနေ၊ ဘူမိဗေဒနှင့် မြေခံနိုင်ရည်စွမ်းအား၊ လူမှုရေး၊ စီးပွားရေးတို့နှင့် ကိုက်ညီစေမည့် ပုံစံဖြစ်စေရန် ပေါင်းစပ်ရွေးချယ် ထုတ်လုပ်ခဲ့ပါသည်။ ပြင်ဆင် ထိန်းသိမ်းစရိတ်သက်သာ၍ ပြည်တွင်း၏ လိုအပ်ချက်အခြေအနေနှင့် အကိုက်ညီဆုံးဖြစ်သော ကြိုးဆိုင်းတံတား (Cable-Stayed Bridge) အမျိုးအစားကို ရွေးချယ်ဆုံးဖြတ်ခဲ့ကြပါသည်။
တန်ချိန် ၁၅၀၀၀ ရှိသည့် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်း နိုင်ရေးအတွက် ပင်မတံတား ရေလမ်းကင်းလွတ်အမြင့်ကို ၄၉ မီတာ (ပေ ၁၆၀) အထိ ထားရှိခဲ့ရသဖြင့် ချဉ်းကပ်တံတားနှင့် ဆင်ခြေ လျှောတံတားများ (Ramp Bridges) ကို အတက်အဆင်း (Gradient) ပြေပြစ်စေရေးအတွက် ထည့်သွင်းတွက်ချက်၍ ဆောင်ရွက်ခဲ့ရပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အတက်အဆင်း ပြေပြစ်လွန်းပါက ချဉ်းကပ်တံတားနှင့် ဆင်ခြေလျှောတံတားများ၏ ပေရှည်ပိုလာနိုင်ပြီး စီမံကိန်းတန်ဖိုး ပိုမိုကြီးမြင့်လာကာ ချေးငွေများ ပိုမိုအသုံးပြုရန် လိုအပ်လာမည်ဖြစ်ပါသည်။
ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းမှ ချဉ်းကပ်တံတားအရှည်ကိုစဉ်းစားဆုံးဖြတ်ရာတွင် ဗိုလ်ချုပ်လမ်း မီးပွိုင့်မတိုင်မီ ရေပြင်ညီ (0 % Gradient) ရအောင် ဆောင်ရွက်ရမည့် ကန့်သတ်ချက်များ ရှိသကဲ့ သို့ ဒလဘက်ကမ်း ဗိုလ်မင်းရောင်လမ်းမှ ချဉ်းကပ်တံတားသည် လည်း နာရီစင်လမ်းဆုံမတိုင်မီ ရေပြင်ညီ (0 % Gradient) ရအောင် ဆောင်ရွက်ရမည့် ကန့်သတ်ချက်များရှိလာပါသည်။
အဆောက်အအုံများဖယ်ရှားမှု အနည်းဆုံးဖြစ်စေရန်
ထည့်သွင်းစဉ်းစား ဆောင်ရွက်ခဲ့
အဆိုပါ မီးပွိုင့်များ၊ လမ်းဆုံများကို ဖြတ်ကျော်ဆောက်လုပ်ပါက ခုံးကျော်တံတားများ ထပ်မံဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်း တန်ဖိုးကြီးမြင့်သွားမည်ဖြစ်ပါသည်။ ရန်ကုန်ဘက်ကမ်း ကမ်းနား လမ်းမှ အတက်အဆင်း ဆင်ခြေလျှောတံတားများ (Ramp Bridges) သည်လည်း မဟာဗန္ဓုလလမ်းမကြီးနှင့် ကမ်းနားလမ်းမကြီး နှစ်လမ်းကြား ဖြတ်လမ်းအဝင်၊ အထွက်များ၊ ဆိပ်ခံတံတားများနှင့် လိုက်လျောညီထွေဖြစ်စေရန်နှင့် ကမ်းနားဈေးဆိုင်ခန်းများ၊ အဆောက်အအုံများဖယ်ရှားမှု အနည်းဆုံးဖြစ်စေရန် ထည့်သွင်း စဉ်းစားဆောင်ရွက်ခဲ့ရပါသည်။
သို့ဖြစ်၍ ပင်မတံတားအဆင်း ဆင်ခြေလျှောတံတား (Ramp A Bridge) ကို ဒီဇိုင်းသတ်မှတ်ချက်စံနှုန်းများ (Design Code) အရ Design Speed 40 km/hr ဖြင့် ဒီဇိုင်းပုံစံထုတ်လုပ်ပြီး လျှောစောက် (Gradient) ၇ ဒသမ ၉၅ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ခဲ့ကာ ပင်မတံတား အတက် ဆင်ခြေလျှောတံတား (Ramp B Bridge) ကို လျှောစောက် (Gradient) ၆ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ခဲ့ရပါသည်။ ကျန်ရှိသည့် လျှောစောက်များအနေဖြင့် ပင်မတံတား Cable-Stayed Bridge တွင် သုံးရာခိုင်နှုန်း၊ ချဉ်းကပ်တံတား ရန်ကုန်ဘက်ကမ်းတွင် ၅ ဒသမ ၉၅ ရာခိုင်နှုန်းနှင့် ချဉ်းကပ်တံတား ဒလဘက်ကမ်းတွင် ၅ ဒသမ ၉၅ ရာခိုင်နှုန်းဖြင့် အသီးသီးဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာ့ နိုင်ငံအသီးသီးတွင် ထိုကဲ့သို့ ရေလမ်းကင်းလွတ်အမြင့် ပိုမို လိုအပ်သည့် မြစ်ကူးတံတားကြီးများ တည်ဆောက်ရာတွင် ချဉ်းကပ်တံတားများ၏ ရေပြင်ညီလျှောစောက် (Horizontal Gradient) အား အမြင့်ဆုံး ၈ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ ထားရှိဆောင်ရွက်ကြောင်း သိရ ပါသည်။
ဥပမာအားဖြင့် ကိုရီးယားနိုင်ငံတွင် ဆောက်လုပ်ထားသော သံမဏိကြိုးဆိုင်း (Cable–Stayed) တံတားအမျိုးအစားဖြစ်သည့် Yeosu Bridge သည် ဆင်ခြေလျှောတံတားတွင် လျှောစောက် ၇ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး၊ Bukhang တံတား၏ ဆင်ခြေလျှောတံတား လျှောစောက် ၈ ရာခိုင်နှုန်း ရှိပါသည်။
ထို့အတူ နော်ဝေနိုင်ငံတွင် တည်ဆောက်ခဲ့သည့် Storseisundet တံတားသည် ကြိုတင်အားဖြည့်ကွန်ကရစ် (Prestress Concrete Box) တံတားအမျိုးအစားဖြစ်ပြီး ပင်မတံတားတွင်ပင် လျှောစောက် ၈ ရာခိုင်နှုန်းရှိပါသည်။
ဒီဇိုင်းပုံစံသတ်မှတ်ချက်ကို ကိုရီးယားနိုင်ငံစံနှုန်းဖြင့် ရည်ညွှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက် ရာတွင် ဒီဇိုင်းပုံစံသတ်မှတ်ချက် (Design Criteria of Geometry) အနေဖြင့် American Association of State Highway and Transportation Officials (AASHTO) နှင့် ကိုရီးယားနိုင်ငံစံနှုန်း (Korean Standard) ကို ရည်ညွှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ကိုရီးယားနိုင်ငံနှင့် အခြားကမ္ဘာ့နိုင်ငံတို့တွင် ဆောက်လုပ်ပြီးစီးခဲ့ သည့် တံတားစီမံကိန်းများ၏ အမြင့်ဆုံးလျှောစောက် (Maximum Gradient) များထက် ကျော်လွန်အောင် ဆောင်ရွက်ထားခြင်း မရှိပါကြောင်း တွေ့ရှိပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနအနေဖြင့် ၂၀၁၀ ပြည့်နှစ် မတိုင်မီက မြစ်ကူးတံတားကြီးများ တည်ဆောက်ရာတွင် ဆင်ခြေလျှောစောက်ကို ၃ ရာခိုင်နှုန်းအောက်သာ တည်ဆောက်ခဲ့ပါ သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် နိုင်ငံတကာ စံချိန်စံညွှန်းများ အတိုင်း ဆင်ခြေလျှောစောက်ကို ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ ဆောင်ရွက်ခဲ့ရာ တံတားအရှည်အား များစွာလျှော့ချနိုင်ခဲ့ပါသည်။ နမူနာအားဖြင့် လှိုင်သာယာ-တွံတေးလမ်းပေါ်ရှိ တွံတေးကြိုး တံတားကို ဆင်ခြေလျှောစောက် ၃ ရာခိုင်နှုန်းဖြင့် ဆောက်လုပ်ခဲ့ရာ တံတားအရှည် ပေ ၃၇၅၀ ရှိပြီး ပုသိမ်တံတားအမှတ်(၂) သည်လည်း ချဉ်းကပ်တံတားများကို ဆင်ခြေလျှောစောက် ၆ ရာခိုင်နှုန်းဖြင့် ဆောက်လုပ်ခဲ့ရာ ယာဉ်မျိုးစုံလွယ်ကူချောမွေ့စွာ ဖြတ်သန်းသွားလာ နေသည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင် ရေလမ်းကင်းလွတ်
အမြင့်ဆုံး တံတားတစ်စင်းဖြစ်
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားသည် မြန်မာနိုင်ငံ တွင် တည်ဆောက်ပြီး တံတားများအနက် ရေလမ်းကင်းလွတ်အမြင့် အများဆုံးဖြစ်ပြီး တံတားကြမ်းခင်း အမြင့်ဆုံးတံတား တစ်စင်းဖြစ်ပါ သည်။ တံတားပေါ်တွင် မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်ရာ တွင် ယာဉ်မောင်းများ အန္တရာယ်ကင်းရှင်းရေးအတွက် ပင်မတံတား အပိုင်းနှင့် ချဉ်းကပ်တံတားအပိုင်းတွင် တစ်နာရီလျှင် ကီလိုမီတာ ၅၀ နှုန်း မောင်းနှင်ခွင့်ပြုမည်ဖြစ်ပြီး ဆင်ခြေလျှောတံတားများတွင် တစ်နာရီလျှင် ကီလိုမီတာ ၃၀ နှုန်း မောင်းနှင်ခွင့်ပြုမည်ဖြစ်ပါသည်။
တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အန္တရာယ်ကင်းရှင်းရေး အတွက် တံတားပေါ်တွင် ဖြတ်သန်းခွင့်ပြုသည့်တန်ချိန်နှင့် မောင်းနှင် ရမည့် အမြန်နှုန်းများကိုလည်း သတိပေးဆိုင်းဘုတ်များ၊ ရောင်ပြန် အမှတ်အသားများ တပ်ဆင်၍ တံတားအသုံးပြုသူများ သိရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးသဖြင့် တစ်လမ်းမောင်းတံတားများ ဖြစ်သည့် အလုံဘက်မှလာ၍ လမ်းမတော်မြို့နယ် ဝါးတန်းလမ်းအနီးမှ တက်သည့် ဆင်ခြေလျှောအတက်တံတား (Ramp B)တွင် အရေးပေါ် ယာဉ်ရပ်နားရန် နေရာ နှစ်နေရာနှင့် လသာ လမ်းဘက်သို့ ဆင်းသည့် ဆင်ခြေလျှောအဆင်းတံတား (Ramp A) တွင် အရေးပေါ်ယာဉ် ရပ်နားရန် နေရာတစ်နေရာ ထည့်သွင်းဆောက်လုပ်ထားပါသည်။ ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းပေါ်တွင် တည်ဆောက်သည့် ချဉ်းကပ်တံတားတွင် လမ်းဘေးလူနေအိမ်များအတွက် တံတားပေါ် ဖြတ်သန်းသည့် မော်တော်ယာဉ်များ၏ ဆူညံသံများ လျှော့ချစေရန် အသံထိန်းနံရံ (Noise Barrier) များကို တံတားတစ်ဖက်တစ်ချက်စီ တွင် တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဒလဘက်ကမ်းတွင် တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ထိန်းသိမ်းရေးအဆောက်အအုံ (Maintenance Building) တစ်ခုနှင့် တံတားအသုံးပြုခကောက်ခံရေးစခန်း (Toll Plaza) တစ်ခု ထည့်သွင်းတည်ဆောက်သွားရန်လည်း အစီအစဉ်ရှိပါသည်။ အဆိုပါ Toll Plaza တွင် တန်ပိုမော်တော်ယာဉ်များ ထိန်းသိမ်းကြီးကြပ်ရန် Weight Bridge တစ်ခုလည်း ထည့်သွင်းဆောက်လုပ်သွားမည် ဖြစ်ပါ သည်။
မြို့များသို့ လွယ်ကူစွာ သွားလာနိုင်မည်
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက် ပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသို့လည်းကောင်း၊ ဒေးဒရဲတံတား မှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများအပါအဝင် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များသို့ လွယ်ကူလျင်မြန်စွာ သွားလာ နိုင်မည်ဖြစ်ပါသည်။
မြို့နယ်များသည် မြို့ပြအသွင်
တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်လာမည်
ယခုလက်ရှိ ရန်ကုန်မြို့တွင် တွေ့ကြုံနေရသည့် ယာဉ်ကြော ပိတ်ဆို့မှုမှလည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာ သွားမည်ဖြစ်ပါသည်။ ဧရိယာအကျယ်အဝန်း ၈၆ ဒသမ ၅ စတုရန်း မိုင်ရှိ ဒလမြို့နယ်၏ ခန့်မှန်းလူဦးရေ ၁၅၀၀၀၀ အတွက် မြို့ပြဖွံ့ဖြိုးမှု သာမက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်သွယ်သော ဝင်ပေါက်မြို့တစ်ခုဖြစ်လာပြီး ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ဒလမြို့နယ် ဖွံ့ဖြိုးတိုးတက် လာမှုနှင့် တစ်ဆက်တစ်စပ်တည်း တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များသည်လည်း မြို့ပြအသွင်ဆောင်၍ တစ်ပြိုင်တည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်ခြင်း အားဖြင့် ဒေသတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမားရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ကဏ္ဍပေါင်းစုံ မှ ဖွံ့ဖြိုးတိုးတက်လာပြီး ရန်ကုန်မြို့တော်၏ အထင်ကရပြယုဂ် (Land Mark) တံတားတစ်စင်းဖြစ်လာမည်ဖြစ်ပြီး နိုင်ငံတကာတံတား သတ်မှတ်ချက် စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြလိုက်ရ ပါသည်။ ။
- Log in to post comments