ရန်ကုန်မြို့မှ ထွက်ခွာသော မြန်မာ့မီးရထားခရီးစဉ်များ ရပ်နားခြင်းမရှိဘဲ ပုံမှန်ပြေးဆွဲပေးနေ

ရန်ကုန်    ဇူလိုင်   ၁၁


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့်  လတ်တလောဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း  ကာလအတွင်း၌ ခရီးသွားပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်၍  ရန်ကုန်မြို့မှ ထွက်ခွာနေသော မြန်မာ့မီးရထားခရီးစဉ်များကို ရပ်နား ခြင်းမရှိဘဲ  ယခင်  မူလအတိုင်း  ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေး  စည်းကမ်းချက်များနှင့်အညီ  ပုံမှန်ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။ 


ပုံမှန်ပြန်လည်ပြေးဆွဲ 


“ကိုဗစ်-၁၉  ကပ်ရောဂါ  တတိယလှိုင်း  ကာလအတွင်းမှာ ကျွန်တော်တို့ မြန်မာ့မီးရထားအနေနဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေ စေဖို့ ရည်ရွယ်ပြီး ရန်ကုန်ဘူတာကြီးမှ ရထားတွေကို ယခင် ခရီးစဉ် အတိုင်း ရပ်နားခြင်းမရှိဘဲ ပုံမှန်ပြေးဆွဲပေးနေပါတယ်။ ရန်ကုန်ဘူတာ ကြီးမှ   ပြေးဆွဲပေးတဲ့   ရထားခရီးစဉ်တွေနဲ့ပတ်သက်ပြီး   ဒီကာလမှာ ပြောင်းလဲမှုလုပ်ထားတာမရှိပါဘူး။     တချို့ရထားခရီးစဉ်တွေကို  ရက်ခြားလေးတွေ ပြောင်းလဲပြေးဆွဲပေးတာတော့ ရှိပါတယ်။ ဒါက လည်း လိုက်ပါတဲ့ ခရီးသည်တွေရဲ့ အခြေအနေပေါ်မူတည်ပြီး အခုလို  ရက်ခြားပြေးဆွဲပေးတာပါ။ နောက်ပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါ တတိယ လှိုင်းကလည်း ကျဆင်းသွားမယ်၊ ခရီးသွားပြည်သူတွေလည်း ပြန်လည် ပုံမှန်သွားလာလှုပ်ရှားကြမယ်ဆိုရင်တော့ ရထားခရီးစဉ်တွေ အရင်က လိုပဲ ပုံမှန်ဖြစ်သွားမှာပါ။ ဒါပေမယ့် အခုလည်း ရန်ကုန်- မန္တလေး ပြေးဆွဲပေးနေတဲ့  (၁) အဆန်နဲ့ (၂) အစုန် ရထားကတော့ ယခင်ကလိုပဲ နေ့စဉ် အဆန်/ အစုန် ပုံမှန်ပြေးဆွဲပေးနေပါတယ်။ အလားတူ ပဲခူး-ရန်ကုန် ရထားနဲ့ အင်းစိန်-ဥက္ကံရထားခရီးစဉ်တွေကိုလည်း နေ့စဉ် ပုံမှန်ပြေးဆွဲပေးနေပါတယ်”ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ 


ရက်ခြားပြေးဆွဲပေးလျက်ရှိ


မြန်မာ့မီးရထားမှ လတ်တလော ပြေးဆွဲပေးနေသော ရထား ခရီးစဉ်များမှာ  ရန်ကုန်- ပြည် ပြေးဆွဲပေးလျက်ရှိသော အမှတ် (၆၃) အဆန် ရထားမှာ ရန်ကုန်ဘူတာကြီးမှ နှစ်ရက်ခြားတစ်ခေါက် ပြေးဆွဲ ပေးလျက်ရှိပြီး တစ်ဖန် အမှတ် (၆၄) အစုန်  ပြည်-ရန်ကုန် ရထား ခရီးစဉ်မှာလည်း နှစ်ရက်ခြား တစ်ခေါက် ပြေးဆွဲပေးလျက်ရှိသည်။ အလားတူ ရန်ကုန်- မော်လမြိုင် ပြေးဆွဲပေးလျက်ရှိသော အမှတ် (၈၉)  အဆန်  ရထားမှာလည်း  နှစ်ရက်ခြား  တစ်ခေါက် ပြေးဆွဲပေးလျက် ရှိပြီး မော်လမြိုင်-ရန်ကုန် အမှတ် (၉၀) အစုန်ရထားခရီးစဉ်မှာလည်း နှစ်ရက်ခြား ပြေးဆွဲပေးလျက်ရှိသည်။ တစ်ဖန် ရန်ကုန် - နေပြည်တော် ပြေးဆွဲပေးလျက်ရှိသော အမှတ်(၇) အဆန်ရထားမှာ တစ်ရက်ခြားနှင့် နေပြည်တော်- ရန်ကုန် အမှတ်(၈) အစုန်ရထားခရီးစဉ်တို့မှာလည်း တစ်ရက်ခြား ပြေးဆွဲပေးလျက်ရှိကာ ရန်ကုန်- မန္တလေး ပြေးဆွဲပေးလျက် ရှိသော အမှတ်(၁) အဆန်နှင့် မန္တလေး - ရန်ကုန် ပြေးဆွဲပေးလျက် ရှိသော  အမှတ်(၂) အစုန်ရထားမှာ  နေ့စဉ်  ပုံမှန်ပြေးဆွဲပေးလျက်ရှိ သည်။


အကုန်အကျလည်းသက်သာ


“ကျွန်မတို့လို အခြေခံလူတန်းစားတွေအတွက်ကတော့ ရထား ခရီးစဉ်က အခုလိုကာလမျိုးမှာ ပိုအဆင်ပြေပါတယ်။ ရထားနဲ့ သွားရ တာက ပိုက်ဆံလည်း ကုန်ကျစရိတ် သိပ်မများဘူး။ အခုချိန်မှာ ကားတွေ ကလည်း  ထွက်တယ်ဆိုပေမယ့်  ခရီးသည်တစ်ဦးကို  နှစ်ဦးစာ ပေးစီး ရတာဆိုတော့ ကျွန်မတို့အတွက်က အဆင်မပြေဘူး။ ရထားနဲ့ ကားနဲ့ က အချိန်ပေးရတာချင်းတော့ မတူဘူးပေါ့။  ဒါပေမယ့်လည်း သိပ် အရေးမကြီးတဲ့ ခရီးစဉ်တွေဆို ကျွန်မက ရထားစီးရတာကို ပိုနှစ်သက် တယ်။ အထူးသဖြင့်တော့ ရထားစီးရတာ လေကောင်းလေသန့်လည်းရ၊  အကုန်အကျလည်းသက်သာတော့ ကျွန်မတို့လို ခရီးသည်တွေအတွက် ကတော့ အဆင်ပြေပါတယ်”ဟု ရန်ကုန်မှ ပြည်မြို့သို့ လိုက်ပါစီးနင်းမည့် ခရီးသည်တစ်ဦးက ပြောသည်။     


ယခုအခါ ရန်ကုန်ဘူတာကြီးမှ ထွက်ခွာသော ရထားများကို ခရီးစဉ်အလိုက်  ရက်ခြားပုံမှန်ပြေးဆွဲလျက်ရှိပြီး  ဇူလိုင်လဆန်းပိုင်း  ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဖြစ်မှု ကာလမှာလည်း ရပ်နား ပြောင်းလဲခြင်းမရှိဘဲ  လိုက်ပါစီးနင်းမည့်  ခရီးသည်များအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ  ကာကွယ်၊ ထိန်းချုပ်ရေး  စည်းကမ်းချက်များ နှင့်အညီ  လုံခြုံစိတ်ချစွာ  လိုက်ပါစီးနင်းနိုင်ရေး  မြန်မာ့မီးရထားမှ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။  


သတင်း-မြင့်မိုရ်၊ ဓာတ်ပုံ - မိုးမခ