ရန်ကုန်မြို့လယ် Downtown ဧရိယာ သန့်ရှင်းသာယာသပ်ရပ်ရေး ဒုတိယမြို့တော်ဝန် ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   ဖေဖော်ဝါရီ    ၂၆


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီသည် အတွင်း ရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့လယ် Downtown ဧရိယာ အတွင်း ပါဝင်သည့်   မြို့နယ်များ သန့်ရှင်းသာယာသပ်ရပ်ရေး   ဆောင်ရွက်နေမှုကို   ကြည့်ရှုစစ်ဆေး    သည်။ 

 


ရှေးဦးစွာ  ဒုတိယမြို့တော်ဝန်နှင့်  အဖွဲ့သည် နံနက် ၇ နာရီတွင် လမ်းမတော်မြို့နယ် (၈)ရပ်ကွက် ပြည်လမ်း      ဆေးတက္ကသိုလ်(၁)ဝန်ထမ်းအိမ်ရာ အုတ်ခြံစည်းရိုးဆေးသုတ်နေမှုနှင့်   လသာမြို့နယ် (၁၀)ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှေ့ Good Sherpherd Convent Church   ခရစ်ယာန်ဘုရားရှိခိုးကျောင်း  အုတ်ခြံ စည်းရိုး  ဆေးသုတ်နေမှုအား  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

 


ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် (၄)ရပ်ကွက် ကျုံးကြီးလမ်း၊ လမ်း(၂၀)နှင့် (၁၉)လမ်းအကြား မြရတနာဆေးခန်း အဆောက်အအုံနှင့် (၇)ရပ်ကွက် ကမ်းနားလမ်းနှင့် ရွှေတိဂုံဘုရားလမ်း ထောင့် တရုတ်ကုန်သည်ကြီးများအသင်း အဆောက် အအုံ ဆေးသုတ်နေမှုကိုလည်းကောင်း၊ ပန်းဘဲတန်း မြို့နယ် မဂိုခန်းမအဆောက်အအုံ ဆေးသုတ်နေမှု၊ စင်္ကြံကတ်တုံးများ ပြုပြင်ဆောင်ရွက်နေမှုကိုလည်း ကောင်း၊  ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတား မြို့နယ်အကြား   မဟာဗန္ဓုလလမ်းနှင့်  (၃၂) လမ်း ထောင့် ရသာဥယျာဉ်ပန်းခြံ ခြံစည်းရိုးများ ဆေးသုတ် နေမှုကိုလည်းကောင်း၊    ကျောက်တံတားမြို့နယ် မော်လမြိုင်ကျောင်းတိုက်နှင့် အခြေခံပညာအထက် တန်းကျောင်း အုတ်တံတိုင်းဆေးသုတ်နေမှုကိုလည်း ကောင်း၊ ဗိုလ်တထောင်မြို့နယ် ခရစ်ယာန်ကလျာဏ ယုဝအသင်း YMCA အဆောက်အအုံ ဆေးသုတ်နေမှု ကို    လည်းကောင်း၊  မဟာဗန္ဓုလလမ်းအတိုင်း သိမ်ဖြူလမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းအကြား လူသွား စင်္ကြံ၊ ရေမြောင်းများကိုလည်းကောင်း၊ ဗိုလ်မြတ်ထွန်း လမ်းတစ်လျှောက်    ရေမြောင်းအတွင်း   အမှိုက်၊ မြောင်းချေးနှင့် သဲမြေများ လူအင်အား၊ စက်အင်အား ဖြင့် ဆယ်ယူရှင်းလင်း ဆောင်ရွက်နေမှုကိုလည်း ကောင်း    ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်