
ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ် ဖန်ချက်စက်လမ်းရှိ စံပြချမ်းမြေ့စည်ပင်အိမ်ရာဝင်းသို့ရောက်ရှိပြီး ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန် ဆေးကု နှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံ နှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ငါး/ပုစွန် အမျိုးမျိုးတို့ ရောင်းချပေးနေမှုများကို ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည်အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ တာဝန် ယူဆောင်ရွက်နေသော လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံအဝင်လမ်း တိုးချဲ့ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို လည်းကောင်း၊ ရန်ကုန်-ပုသိမ် လမ်းမကြီးဘေး၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် အနော်ရထာစက်မှုဇုန်ရှေ့ မြေဧရိယာ ၁၂ ဒသမ၂၅၈ ဧကတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ စီမံကိန်းလုပ်ငန်းခွင်၌ မြေပြင်ခြင်း နှင့် သဲဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရန်ကုန်-ပုသိမ်လမ်း ရေစုကန်ရေမြောင်း ပြုပြင်တူးဖော် ရန်ဆောင်ရွက်နေမှု လုပ်ငန်းများကိုလည်းကောင်း၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဆောင်ရွက်နေသော လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ ဘုရင့်နောင် ပန်းခြံသို့ သွားရောက်၍ အရှည် ၁၃၄၆ ပေ၊ အကျယ် ရှစ်ပေရှိ ပန်းခြံပတ် Interlock လမ်းနှင့် အရှည်ပေ ၄၁ ၊ အကျယ် ၂၄ ပေရှိ ပန်းခြံအတွင်း ဗိုလ်ချုပ် အောင်ဆန်းရုပ်တုရှေ့ လျှောက်လမ်းကွန်ကရစ်ခင်းကျင်းနေမှု၊ မြက်စိုက်ပျိုး၍ မြေယာရှုခင်း ပြုပြင် ဆောင်ရွက်နေမှု၊ မီးတိုင်စင်နှင့် ရေငုတ်တိုင်များ ပြုလုပ်ဆောင်ရွက်နေမှုနှင့် ပန်းခြံထောင့် လမ်းဆုံ နေရာ အများသုံးသန့်စင်ခန်း တည်ဆောက်ထားမှု တို့ကိုလည်းကောင်း၊ လှိုင်မြို့နယ် ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ အုတ်ကျင်းဂုန်နီစက်ရုံမှ သီရိမင်္ဂလာ ပိတောက်ချောင်းအထိ အရှည် ၂၆၇၅ ပေ၊ အကျယ် ရှစ်ပေ၊ ထု ခြောက်လက်မရှိ ကွန်ကရစ် လူသွားစင်္ကြံ၊ စက်ဘီးလမ်း၊ ယာဉ်ရပ်နားရန်နေရာများ ပြုလုပ်နေမှု နှင့် စင်္ကြံနှင့် ဘုရင့်နောင်လမ်းမကြီးအကြား အကျယ် ၁၆ ပေရှိ မြေဧရိယာ၌ ပန်းပင်နှင့် မြက်ပင်များ စိုက်ပျိုး၍ မြေယာရှုခင်း ပြုပြင်နေမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား
သည်။
သတင်းစဉ်