ရန်ကုန်မြို့ ခရီးသွားပြည်သူများအဆင်ပြေစေရန် သင်္ကြန်ကာလအတွင်း အကြိုနေ့တွင် YBS အစီး ၁၃၀၀ ကျော်၊ ကျန်သင်္ကြန်ရက်များတွင် ၉၃၈ စီးဖြင့် ပုံမှန်စျေးအတိုင်း ပြေးဆွဲပေးမည်

 

ရန်ကုန်   ဧပြီ   ၄

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTC)မှ  သင်္ကြန်ကာလအတွင်း   ခရီးသွားပြည်သူများ အဆင်ပြေစေရန် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ခရီးသည် တင်ယာဉ်များအား ပုံမှန်စျေးအတိုင်းပြေးဆွဲပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။


ရန်ကုန်မြို့တွင်း  ပြေးဆွဲလျက်ရှိသော  YBS  ယာဉ်လိုင်းများသည် နှစ်သစ်ကူးရုံးပိတ်ရက်မတိုင်မီတွင်  ကုမ္ပဏီ ၂၁ ခု၊  ယာဉ်လိုင်း  ၁၃၁ လိုင်းမှ ယာဉ်စီးရေ ၃၈၀၀ ခန့်ကို ပုံမှန်ထွက်ရှိပြေးဆွဲသွားမည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့တွင် YBS ကုမ္ပဏီ ၁၆ ခု၊ YBS ယာဉ်လိုင်း ၆၁ လိုင်းမှ ယာဉ်အစီးရေ  ၁၃၀၈  စီးဖြင့်လည်းကောင်း၊     သင်္ကြန်အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့တို့တွင် YBS ကုမ္ပဏီ ၁၆ ခု၊ YBS ယာဉ်လိုင်း ၅၇ လိုင်းမှ ယာဉ် ၉၃၈ စီး ပြေးဆွဲပေးမည်ဖြစ်သည်။


နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီ ၁၇ ရက်နေ့တွင် YBS ကုမ္ပဏီ ၂၁ ခုမှ YBS  ယာဉ်လိုင်းများအားလုံး   ပြန်လည်ပြေးဆွဲကြမည်ဖြစ်ပြီး ယင်းနေ့တွင် Thet Yin Aung ကုမ္ပဏီစီမံမှုအောက်ရှိ YBS ၆၃ ယာဉ် လိုင်းမှ ယာဉ် ၁၀ စီးသည် အခမဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရ သည်။       


“ကျွန်တော်တို့ မြန်မာနှစ်သစ်ကူးပွဲတော် သင်္ကြန်ကာလအတွင်းမှာ  ခရီးသွားပြည်သူတွေ  အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် YBS ယာဉ်တွေ စီစဉ်ဆောင်ရွက်ထားပါတယ်။ ၁၃ရက်နေ့ သင်္ကြန်အကြို နေ့မှာ ယာဉ်အစီးရေ ၁၃၀၀ ကျော်၊ ၁၄၊ ၁၅၊ ၁၆ ရက်ထိ  ယာဉ်အစီးရေ ၉၃၈ စီး ၁၆ ရက်နေ့ထိ ပြေးဆွဲပေးမှာ  ဖြစ်ပါတယ်။    နှစ်ဆန်းတစ်ရက်နေ့ မှာတော့ YBS ယာဉ်တွေအားလုံး ပြန်လည်ပြေးဆွဲပေးမှာပါ။     သင်္ကြန် ကာလမှာ ခရီးသွားပြည်သူတွေ  ယာဉ်အန္တရာယ်ကင်းကင်းနဲ့  သွားလာ နိုင်ဖို့အတွက်   ယာဉ်မောင်းတွေအနေနဲ့   မူးယစ်သောက်စားပြီးတော့ မမောင်းဖို့၊ ယာဉ်စီးခကိုပုံမှန်အတိုင်းပဲ ကောက်ဖို့ YBS ယာဉ်ကုမ္ပဏီများ ကိုလည်း ကျွန်တော်တို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။


သင်္ကြန်ကာလအတွင်း၌    ယာဉ်စီးခ     ပိုမိုတောင်းခံခြင်းမပြုရန် သက်ဆိုင်ရာမှ ညွှန်ကြားထားသော်လည်း ယာဉ်စီးခပိုတောင်းမှုများရှိကြောင်းနှင့် တိုင်ကြားမှုများလည်းရှိကြောင်း၊ ၂၀၂၃ ခုနှစ် သင်္ကြန် ကာလအတွင်း၌ ယာဉ်စီးခပိုမိုတောင်းခံခြင်းကြောင့် တိုင်ကြားမှု ၁၄မှု ရှိခဲ့ပြီး တိုင်ကြားသည့်အမှုများအပေါ် စိစစ်ကာ ဂိတ်တစ်လပိတ်သည် အထိ ယာဉ်များကို အရေးယူခဲ့ကြောင်း သိရသည်။            

အာကာစိုး