
ရန်ကုန် ဩဂုတ် ၁၆
၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးဖွင့်ပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြောက်ပိုင်းခရိုင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်နှင့် အကဲဖြတ် ပညာရှင် ဦးသန်းထွန်းလေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။
ယင်းနောက် တေးသံရှင် ရွှေယမင်းဦးမှ သီရိ ရတနာတေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုကို လည်း ကောင်း၊ နိုင်ငံတော်ရွှေတံဆိပ် ၁၉ ဆုရှင် ရုပ်သေး ပညာရှင် ဒေါ်မေသူဝင်းနှင့် နိုင်ငံတော်ရွှေတံဆိပ် ငါးဆုရှင် ဦးအောင်သန်းဝင်းတို့က ရုပ်သေးအက ဖျော်ဖြေမှုကိုလည်းကောင်း၊တေးရေး-မျိုးမင်းမြင့်မြင့် ရေးစပ်သီကုံးသော မြောက်ပိုင်းခရိုင်ကိုယ်စားပြုတေးသီချင်းအား မဟာရန်ကုန် ပြည်ချစ်မယ် ပေါက်ကျော်မနှင့်အဖွဲ့က မြန်မာ့ဆိုင်းဝိုင်းကြီးဖြင့် တီးခတ်သီဆိုဖျော်ဖြေမှုကိုလည်းကောင်း၊ မှော်ဘီ မြို့နယ် ပြိုင်ပွဲဝင်ဝါသနာရှင် ဒိုးပတ်အဖွဲ့မှ တီးခတ် ဖျော်ဖြေမှုတို့ကိုလည်းကောင်း ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌတို့မှ ဂုဏ်ပြု ဆုများ ချီးမြှင့်သည်။
ထို့နောက် အဆိုပြိုင်ပွဲတွင် မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်၊ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေးအမျိုးအစား သုံးမျိုး၊ အကပြိုင်ပွဲတွင် ရုပ်သေးအက၊ လူအက၊ ကွက်စိပ် အကသုံးမျိုး၊ အရေးပြိုင်ပွဲတွင် တစ်မျိုးနှင့် အတီးပြိုင်ပွဲတွင် နှဲ၊ ပလွေ၊ ဂီတာ၊ ဆိုင်းတစ်ဦးချင်း၊ ဆိုင်းအဖွဲ့လိုက်၊ ပတ္တလား၊ မယ်ဒလင်၊ စန္ဒရား၊ အိုးစည်၊ ဒိုးပတ်၊ စောင်းအမျိုးအစားတို့ဖြင့် ပြိုင်ပွဲအမျိုးအစား ၁၈ မျိုးကို သတ်မှတ်နေရာ သုံးနေရာတို့တွင် ယှဉ်ပြိုင်ကြသည်။
၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် ရန်ကုန်မြောက်ပိုင်း ခရိုင် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ဆုချီးမြှင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားကို ဩဂုတ် ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် အဆိုပါ မြို့နယ်ခန်းမ၌ ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် ဝါသနာရှင်ပထမတန်း၊ ဝါသနာရှင် ဒုတိယတန်းနှင့် ကဏ္ဍအလိုက် ပြိုင်ပွဲများ၌ ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုနှင့် တံခွန်စိုက်ဆုရရှိ သူများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့် မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အုပ်ချုပ်ရေးမှူးများက ဆုများ အသီးသီးချီးမြှင့် ကြပြီး ဆုရရှိသူများဖျော်ဖြေမှုကို ကြည့်ရှုအားပေး သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက မြို့နယ်ကိုးမြို့နယ်တွင် ဆုအများဆုံး ရရှိခဲ့သော အင်းစိန်မြို့နယ်အား တံခွန်စိုက်ဆုကို ချီးမြှင့်ပေးအပ်သည်။
သတင်းစဉ်