
ရန်ကုန် ဩဂုတ် ၆
၂၀၂၂ ရာသီ MNL ပြိုင်ပွဲ ပွဲစဉ် (၇) ပထမနေ့အဖြစ် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့ သြဂုတ် ၆ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက တစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရပြီး ခုနစ်ပွဲဆက် အနိုင်ရရှိခဲ့သည်။
လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ရာနှုန်းပြည့် ခုနစ်ပွဲဆက် အနိုင်ရလဒ်နှင့်အတူ ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ရန်ကုန်အသင်းမှာမူ ရလဒ်ကောင်းရန် ကြိုးပမ်းခဲ့ သော်လည်း အရေးနိမ့်ခဲ့သဖြင့် ရှစ်မှတ်အထိ ကွာဟ သွားပြီဖြစ်သည်။ ယခုပွဲတွင် ရန်ကုန်အသင်းမှ နှစ်ဦး၊ ရှမ်းယူနိုက်တက်အသင်းမှ တစ်ဦး အနီကတ် ဖြင့် ထုတ်ခံရပြီး ၁၁ ဦးချင်း ယှဉ်ပြိုင်ရပါက ပွဲအဖြေ ပြောင်းလဲသွားနိုင်ကာ ယခုကဲ့သို့ ပွဲမျိုးတွင်ဒိုင်လူကြီး ၏ ပွဲထိန်းသိမ်းနိုင်မှုပညာမှာလည်း အရေးပါလှ သည်။
ရှမ်းယူနိုက်တက်အသင်းတွင် ကျော်ဇင်ဖြိုး (ဂိုး)၊ ရဲမင်းသူ၊ ဟိန်းသီဟဇော်၊ နန္ဒကျော်၊ ကျော်ဇင်လွင် အပါအဝင် နိုင်ငံခြားသားကစားသမားနှစ်ဦးဖြင့် ပွဲထွက်ခဲ့ပြီး ရန်ကုန်အသင်းတွင်လည်း ကျော်မင်းဦး၊ မောင်မောင်ဝင်း၊ ထက်ဖြိုးဝေ၊ ရန်နိုင်ဦး၊ သီဟထက် အောင်တို့ဖြင့် ပွဲထွက်ခဲ့ကာ တိုက်စစ်မှူး ဝင်းနိုင်ထွန်း မှာ ပထမဆုံး ပါဝင်ကစားခဲ့သည်။ အသင်းကြီး နှစ်သင်း တွေ့ဆုံသည့်ပွဲဖြစ်သောကြောင့် ပွဲစ ကတည်းက အပြန်အလှန်ကစားနိုင်ခဲ့ပြီး ၁၂ မိနစ် တွင် ရန်ကုန်တိုက်စစ်မှူး ဝင်းနိုင်ထွန်း အနီကတ်ဖြင့် ထုတ်ပယ်ခံရသည်။ ပွဲအစ ၁၂ မိနစ်မှာပင် တစ်ယောက်လျော့သွားသည့် ရန်ကုန်အသင်းသည် အနည်းငယ်ရုန်းကန်ခဲ့ရသော်လည်း အကောင်းဆုံး တုံ့ပြန်ခဲ့သည်။ သို့သော် ၄၁ မိနစ်တွင် ရှမ်းယူနိုက် တက်အသင်း အနိုင်ဂိုးရခဲ့ပြီး ဇင်မင်းထွန်းက သွင်းယူ ခဲ့သည်။ ဒုတိယပိုင်းအစတွင် ရှမ်းယူနိုက်တက်အသင်း မှ ဇင်မင်းထွန်းနှင့် ရန်ကုန်အသင်းမှ ဇာနည်ထက်တို့ အချင်းများရာမှ ကွင်းလယ်ဒိုင်က နှစ်ဦးစလုံးကို အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်ရရန် ကြိုးပမ်းခဲ့သော်လည်း ဂိုးထပ်မသွင်းနိုင်သဖြင့် ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ခုနစ် ပွဲဆက် အနိုင်ရလဒ်ဖြင့် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်လျက်ရှိပြီး ရန်ကုန်အသင်းက ခုနစ်ပွဲကစား ၁၃ မှတ် ရရှိထားသည်။
ပွဲစဉ် (၇) ဒုတိယနေ့ကို သြဂုတ် ၇ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရတနာပုံအသင်းနှင့် ဧရာဝတီအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MNL