
ရန်ကုန် ဒီဇင်ဘာ ၉
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက သန်လျင်မြို့ရှိ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ် စကားဝိုင်းများ ကျင်းပရသည့်ရည်ရွယ်ချက် ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ဦးဆောင် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စကားဝိုင်း ဆွေးနွေးပွဲကျင်းပရာ ကျောင်းသား ကျောင်းသူ များက လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြ ကာ တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများ၏ သိရှိလိုသည်များကို ပြန် လည်ရှင်းလင်း ဖြေကြားပေးကြသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေး ကြသော ကျောင်းသား ကျောင်းသူများအား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး တို့က အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ဘွဲ့နှင်းသဘင် ခန်းမရှေ့၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက Mobile Bus ဖြင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ ငှားရမ်း ပေးခြင်း၊ ဓာတ်ပုံနံရံကပ်စာစောင်ပြသမှုကို ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကြည့်ရှု လေ့လာကြကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)