
နေပြည်တော် စက်တင်ဘာ ၅
မြန်မာ့မီးရထား၊ တိုင်းအမှတ်(၆)နယ်မြေ၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ် ဘူတာ၏တောင်ဘက် (တော်ဝိ ဘူတာဘက်ခြမ်း) ၌ ယနေ့နံနက် ၂ နာရီခွဲခန့်က ပေါက်ကွဲသံ ကြားရသဖြင့် မန္တလေး-ရန်ကုန် အမှတ်(၆) အစုန်လူစီးအမြန် ရထား၏ စက်ခေါင်းမောင်းသည် ပိန်းဇလုပ်ဘူတာအား နံနက် ၃ နာရီ ၂၃ မိနစ်တွင် ဖြတ်သန်းခဲ့ပြီး ဆက်လက်၍ သတိပြုမောင်းနှင် လာရာ ပိန်းဇလုပ်ဘူတာ-တော်ဝိ ဘူတာအကြား၊ မိုင်တိုင် (၉၉/၈-၇)သို့ နံနက် ၃ နာရီ ၃၂ မိနစ်တွင် ရောက်ရှိစဉ် ရထားမီးရောင် အောက်၌ တံတားအမှတ် (BR-137) ပေါ်နှင့် ရထားလမ်း အနီးတစ်ဝိုက်တွင် အကြမ်းဖက် သောင်းကျန်းသူများက မိုင်း ဖောက်ခွဲ ထားသောကြောင့် သံလမ်းများ ပြတ်တောက် ပျက်စီးနေကြောင်း တွေ့ရှိရ သဖြင့် စက်ခေါင်းမောင်းမှ ရထားအား အချိန်မီ ရပ်တန့်ပြီး ပိန်းဇလုပ်ဘူတာသို့ နောက်ပြန် ဆုတ်ခွာရပ်တန့်၍ လမ်းပိုင်းအား နံနက် ၄ နာရီ ၁၀ မိနစ်မှစ၍ ခေတ္တပိတ်ထားခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်နေရာအား စစ်ဆေးရာ အကြမ်းဖက် သောင်းကျန်းသူများက မိုင်း နှစ်လုံး ဖောက်ခွဲခဲ့ခြင်းကြောင့် ရထားသံလမ်းပေ ၈၀ ခန့် ပြတ်တောက် တွန့်လိမ်သွားခြင်း၊ ကွန်ကရစ်ဇလီဖား ၁၄ တုံး ပျက်စီးခြင်း၊ ၁၀ ပေအရှည်ရှိ ကွန်ကရစ်တံတား ကြမ်းခင်း သုံးပေ ပတ်လည်ခန့် ထိခိုက် ခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာ့ မီးရထားမှ ပျက်စီးမှုများအား အမြန်ဆုံး ပြုပြင်ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သော ကြောင့် ရထားခရီးစဉ်များကို ဆက်လက် စေလွှတ်ပေးနေပြီ ဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အထိ ရထားလမ်းကွန်ရက် တစ်ခုလုံးတွင် ရထားလမ်းများ၊ ဘူတာနယ်မြေများ အတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း ၁၂၅ ကြိမ်၊ တံတားမိုင်းခွဲခြင်း ၄၅ ကြိမ်၊ ဘူတာနှင့် ဝန်ထမ်း နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ဆောင်ရွက်ခဲ့ခြင်း ကြောင့် ရထားလမ်းနှင့် တံတား များ ပျက်စီးခြင်း၊ ရထားစက်ခေါင်း နှင့် တွဲများ ထိခိုက်ပျက်စီးခြင်း၊ ကုန်စည်များ ပျက်စီးဆုံးရှုံးခြင်း၊ ခရီးသည်များ လမ်းခရီး၌ ကြန့်ကြာ၍ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ကြရသည်။ ပြည်သူ လူထုအနေဖြင့် ယခုကဲ့သို့ အဖျက် အမှောင့် လုပ်ငန်းများကို တစိုက်မတ်မတ် ရည်ရွယ်ချက် ရှိရှိဖြင့် ဆောင်ရွက်နေသည့် အကြမ်းဖက် သောင်းကျန်းသူ များ၏ လုပ်ရပ်များအပေါ် လွန်စွာစက်ဆုပ် ရွံရှာလျက်ရှိကြ ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန