
ရန်ကုန် ဧပြီ ၁၁
ရန်ကုန် - မော်လမြိုင် အစုန်၊ အဆန် ရထားနှစ်စင်း ပြေးဆွဲခြင်းကို ယာယီ ရပ်နားထားပြီး လက်မှတ်ခငွေများကို ပြန်အမ်းပေးနေကြောင်း မော်လမြိုင် ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မော်လမြိုင်- ရန်ကုန် ရထားလမ်းပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ လက်ချက်ကြောင့် အမှတ် ၆၈၆ အစုန် ကျောက်ရထားသည် သိမ်ဆိပ်ဘူတာ နှင့် ဒုံးဝန်းဘူတာကြားတွင် မိုင်းထိကာ လမ်းပိုင်းပိတ်ဆို့မှုဖြစ်ပြီးနောက် တာဝန်ရှိ သူများက လမ်းအမြန်ဆုံး ပွင့်စေရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ထို့ကြောင့် ဧပြီ ၁၁ ရက် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်- ရန်ကုန်ရထားနှင့် သင်္ကြန်အစုန်အထူး မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်နှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင်ရထားနှင့် သင်္ကြန်အဆန်အထူး ရန်ကုန်- မော်လမြိုင်ရထား ခရီးစဉ် များအား ယာယီဖျက်သိမ်းမည်ဖြစ်ကြောင်း အဆိုပါဘူတာကြီးမှ သိရသည်။
ဧပြီ ၁၁ ရက်အတွက် ဝယ်ယူထားသော အထက် တန်း/ရိုးရိုးတန်း လက်မှတ်ခငွေများအား မော်လမြိုင် ဘူတာကြီး နေ့ချင်းလက်မှတ်ရုံတွင် နံနက် ၆ နာရီမှ စ၍ နံနက်ပိုင်း ၁၀ နာရီအထိ ပြန်အမ်းပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
“ခရီးစဉ်ဖျက်သိမ်းတဲ့ လက်မှတ်ခငွေတွေကို ဒီနေ့ဖျက်သိမ်းရင် ဒီနေ့ပြန်အမ်းတယ်။ မနက်ဖြန် ဖျက်သိမ်းတယ်ဆိုရင် မနက်ဖြန် ပြန်အမ်းတယ်။ ဘယ်နေ့အထိဖျက်သိမ်းမယ်ဆိုတဲ့ ရက်အတိအကျ တော့မရှိဘူး။ ရထားလမ်းပြင်ပြီး ပြန်ကောင်းသွားရင် ပြန်ကောင်းသွားတဲ့နေ့ထွက်ပါမယ်” ဟု မော်လမြိုင် ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပိတ်ဆို့နေသောလမ်းပိုင်းအား မြန်မာ့မီးရထား တာဝန်ရှိသူများမှ လမ်းပိုင်းအမြန်ဆုံးပြန်လည် ဖွင့်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ရထား ပြန်လည်ပြေးဆွဲနိုင်မည့်ရက်အား အချိန်နှင့်တစ်ပြေး ညီ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း မော်လမြိုင် ဘူတာကြီးမှ အသိပေးကြေညာထားသည်။
MT