
ရန်ကုန် အောက်တိုဘာ ၁၆
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ယာယီရပ်နား ထားခဲ့ရသည့် ရန်ကုန်-ကော့သောင်း၊ ရန်ကုန်-ကလေး လေကြောင်းခရီးစဉ်များကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ယနေ့ (အောက်တိုဘာ ၁၆ ရက်)တွင် စတင်ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။
“ကိုဗစ်-၁၉ ရောဂါ Delta မျိုးကွဲပျံ့နှံ့မှု ကြောင့် ထိုင်း၊ အိန္ဒိယနယ်စပ်ဖြစ်တဲ့ ကော့သောင်းနဲ့ ကလေးမြို့တွေဆီ လေကြောင်းခရီးစဉ်သွားလာမှုကို ယခုနှစ် ဇွန်လမှာ ယာယီပိတ်ပင်ခဲ့တာကနေ ကျန်းမာရေးဝန်ကြီးဌာနက ပြန်လည်ခွင့်ပြုလို့ ဒေသခံပြည်သူတွေ သွားလာမှုအဆင်ပြေစေဖို့ အခုလို ပြန်လည်ပြေးဆွဲတာဖြစ်ပါတယ်။ ခရီးစဉ် စျေးနှုန်းတွေကိုလည်း ယခင်သတ်မှတ် နှုန်းထားများ အတိုင်း ပြေးဆွဲပေးနေပြီး ခရီးသွားမိဘပြည်သူများ အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား တဲ့ လမ်းညွှန်ချက်၊ စည်းကမ်းများနဲ့အညီ လိုက်ပါ စီးနင်းနိုင်ပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်း မှ အမှုဆောင်အရာရှိချုပ် ကပ္ပတိန်ခုပ်ခန့်မုံက ပြောသည်။
အဆိုပါ ကော့သောင်းနှင့် ကလေးမြို့ လေယာဉ် ခရီးစဉ်များကို Embraer 190၊ ATR 72-600 လေယာဉ်များဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ပြီး လိုက်ပါ လိုသူများအနေဖြင့် လေယာဉ်မထွက်ခွာမီ ၃၆ နာရီ အတွင်း ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ် ထားသည့်နေရာများတွင် RT-PCR သို့မဟုတ် RDT Test Kit ဖြင့် စစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း ထောက်ခံစာ ပါရှိရမည် ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ လမ်းညွှန် ချက်များအရ ခရီးသည်များအနေဖြင့် Faceshield နှင့် Mask များ ဝတ်ဆင်ပြီးမှသာ လေကြောင်း ခရီးစဉ်တွင် လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ် လက်မှတ်များကို www.flymna.com တွင် Credit Card၊ Debit Card၊ MPU Card နှင့် 123 Service (Over the counter၊ Mobile Banking၊ i-Banking၊ Wallet) တို့ အသုံးပြု၍ မြန်မာကျပ်ငွေဖြင့် ဝယ်ယူ နိုင်ကြောင်း၊ လက်မှတ်ခများအနေဖြင့် ရန်ကုန်-ကလေး ငွေကျပ် ၁၀၈၀၀၀၊ ကလေး-ရန်ကုန် ငွေကျပ် ၁၁၃၀၀၀၊ ရန်ကုန်-ကော့သောင်း ငွေကျပ် ၉၃၀၀၀၊ ကော့သောင်း-ရန်ကုန် ငွေကျပ် ၉၁၀၀၀ ဖြစ်ပြီး MNA Call Center ဖုန်း +951 378603-04-06-07-08၊ +951 377840-41-42 တို့သို့ ဆက်သွယ် ၍ လက်မှတ်ဝယ်ယူမှုနှင့် ခရီးစဉ်အသေးစိတ် အချက် အလက်များကို မေးမြန်းစုံစမ်းနိုင်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။
အာကာစိုး