ရန်ကုန် ဒီဇင်ဘာ ၁၄ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ဝင်ငွေခွန်ထမ်းဆောင်ရာတွင်   အထွေထွေ လုပ်သားများစသည့် Blue Collar များက လစဉ်အခွန် ဘတ် ၁၅၀ ပေးဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီလုပ်သားများအပါအဝင် White Collar များအနေဖြင့် လစဉ် ၈၂၂ ဘတ် ပေးဆောင်ရ မည

Type

 

 မိုးမိုးသန်း၊ သန္တာဝင်း၊ နန်းခင်ထွေး(တိုင်းရင်းဆေးပညာဦးစီးဌာန)

မြန်မာ့တိုင်းရင်းဆေးပညာသည် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် စသည့်  ခေတ်ကာလများကတည်းက    သမိုင်းအထောက်အထား ခိုင်မာစွာတည်ရှိခဲ့သည့် ဆေးပညာတစ်ရပ်ဖြစ်ပါသည်။   မြန်မာ လူမျိုးတို့သည် မိမိတို့၏ မိရိုးဖလာတိုင်းရင်းဆေးကို သုံးစွဲခဲ့ကြသည့် အပြင် ဘဝရှင်သန်ရေးအတွက် လက်လှမ်းမီရာ ဆေးမြီးတိုများကို လည်း သုံးစွဲကြသည်။ 
မြန်မာ့တိုင်းရင်းဆေးပညာသည် မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၊ မြန်မာ့ဓလေ့စရိုက်နှင့် မြန်မာလူမျိုးတို့ကိုးကွယ်ရာ ထေရဝါဒ ဗုဒ္ဓ ဘာသာတို့ကိုအခြေခံသည့်   ရိုးရာအယူအဆ၊   ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများနှင့် ယှက်နွှယ်၍ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်း အမျိုးသားရေးအမွေအနှစ် ဆေးပညာတစ်ရပ်အဖြစ် ရှင်သန်လာခဲ့ ပါသည်။ ထို့အပြင်  မြန်မာ့ရေမြေသဘာဝအလျောက် နိုင်ငံအနှံ့အပြား ပေါကြွယ်စွာ ပေါက်ရောက်နေသည့်  ဆေးဖက်ဝင်အပင်များသည် လည်း တန်ဖိုးမဖြတ်နိုင်သော ဘိုးဘွားအမွေအနှစ်များပင်  ဖြစ်ပါ သည်။ မြန်မာတိုင်းရင်းသားလူမျိုးတို့သည်   ဘိုးစဉ်ဘောင်ဆက် မြန်မာ့တိုင်းရင်းဆေးပညာ၊ မြန်မာ့တိုင်းရင်းဆေးဝါးများကို အားကိုးအားထားပြု၍ရပ်တည်လာခဲ့ကြပြီး ယနေ့ခေတ်တိုင်အောင် ယုံကြည် နှစ်ခြိုက်စွာ သုံးစွဲလျက်ရှိပါသည်။ 
ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌လည်း သဘာဝအတိုင်း စိုက်ပျိုးပေါက်ရောက်ပြီး အာနိသင်ထက်မြက်သည့်   ဆေးဖက်ဝင် ပရဆေးပင်များ၊ သစ်မြစ်၊ သစ်ဥတို့ကို အသုံးပြု၍ Natural Medicine ခေါ် သဘာဝဆေးများအဖြစ် မိမိတို့၏ရေမြေပေါ်ရှိ အစွမ်းထက်မြက် သော ဆေးဖက်ဝင်အပင်များဖြင့် ဖော်စပ်အသုံးပြုနေကြပြီ  ဖြစ်ပါ သည်။  
မြန်မာ့တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေး
ရှေးယခင်ကတည်းက ယနေ့ထိတိုင်အောင် မြန်မာလူမျိုးတို့သည် မြန်မာ့ရိုးရာဆေးပညာ၏ အဖိုးမဖြတ်နိုင်သော အစွမ်းသတ္တိများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ပြီး  မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထွန်းကားပြန့်ပွားရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လျက်ရှိကာ မျက်မှောက်ကာလတွင်လည်း တိုင်းရင်းဆေးပညာဦးစီး ဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်တို့အနေဖြင့် မြန်မာ့တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား  ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် (၁)မြန်မာ့တိုင်းရင်းဆေးပညာအဆင့်အတန်းမြင့်မားလာစေရန်၊ (၂) အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များမွေးထုတ်ပေးရန်၊ (၃) အရည်အသွေးမြင့်မားသော မြန်မာ့တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရန် စသော ရည်မှန်းချက်(၃) ရပ်ကို အလေးထား၍ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ 
 ထို့အပြင် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံ  တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်   ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၊ တိုင်းရင်းဆေးနှင့်  နှီးနွှယ်ပညာရှင်များ၏ တိုင်းရင်းဆေးပညာဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်   စည်းလုံး ညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကြောင့် ပြည်သူလူထုကြား တွင် တိုင်းရင်းဆေးကို   အားကိုးအားထားပြုလျက်ရှိကြသည်မှာ မျက်ဝါးထင်ထင် တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ 
(၂၂) ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီ
ဤကဲ့သို့ ပြည်သူလူထု၏ အားပေးမှုနှင့်အတူ နိုင်ငံတော်ကလည်း တိုင်းရင်းဆေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အဘက်ဘက်မှ အားပေး မြှင့်တင်ပေးလျက်ရှိပြီး   ၂၀၀၀ ပြည့်နှစ်မှစတင်၍ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲများကို ကျင်းပပေးခဲ့ရာ ယခုဆိုလျှင် (၂၂) ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ကာ နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (Myanmar International Convention Center- 2 (MICC-2)) တွင်  ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၌ နိုင်ငံတော် အဆင့် ကျင်းပမည် ဖြစ်ပါသည်။
ယခုကျင်းပမည့် (၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ကို -
    (က)    တိုင်းရင်းဆေးပညာပိုမိုဖွံ့ဖြိုးတိုးတက်ရန်    ပြည်တွင်း ပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊  အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
    (ခ)    ဘေးအန္တရာယ်ကင်းရှင်း၍   အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရန်၊
    (ဂ)    ပြည်သူလူထု၏  ကျန်းမာရေးကို       ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန်အတွက် အရည်အသွေးပြည့်ဝ သည့် တိုင်းရင်းဆေးပညာရှင်များဖြစ်လာစေရေး လေ့ကျင့် သင်ကြားပေးရန်၊
    (ဃ)    ပြည်သူလူထု၏ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာ ဖြင့်   ပိုမိုထိရောက်စွာ    စောင့်ရှောက်မှုပေးရန်စသော ရည်ရွယ်ချက်များဖြင့် ကျင်းပတော့မည် ဖြစ်ပါသည်။   
နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို တိုင်းရင်း ဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊      တိုင်းရင်းဆေးတက္ကသိုလ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့်     ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့နှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ နှီးနွှယ်သောဌာနများ၊   အသင်းအဖွဲ့ များမှ အသိပညာရှင်၊   အတတ်ပညာရှင်များ     တက်ရောက်ကြမည် ဖြစ်ပါသည်။ ညီလာခံတွင် -
    (၁)    တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်   နိုင်ငံ တကာမှ တိုင်းရင်းဆေးတက္ကသိုလ်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ 
    (၂)    ဘေးဥပဒ်အန္တရာယ်ကင်းရှင်းပြီး       အရည်အသွေးနှင့် အာနိသင်ပြည့်ဝသည့် ပိုမိုကောင်းမွန်သော ဦးစီးဌာနသုံး တိုင်းရင်းဆေးဝါးများပေါ်ထွက်လာစေရေးအတွက် သုတေ သနလုပ်ငန်းများ၊  အသိပညာပေးလုပ်ငန်းများ   ဝိုင်းဝန်း ဆောင်ရွက်ရန်၊ 
     (၃)    တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအရည်အသွေးများ    ပိုမို တိုးတက်မြင့်မားလာစေရန်  တိုင်းရင်းဆေးပညာရှင်များ အတွက် ဘာသာရပ်ဆိုင်ရာ  မွမ်းမံသင်တန်းများဖွင့်လှစ်နိုင်ရေး ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရန်၊
    (၄)        တိုင်းရင်းဆေးပညာဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် စသည့် အဆိုပြုချက်များကို     တင်သွင်းသွားကြမည် ဖြစ်ပါသည်။
တက်ရောက်လာသော ညီလာခံကိုယ်စားလှယ်တော်ကြီးများက တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏  အတွေ့ အကြုံ၊  အတွေးအခေါ်အယူအဆ၊   အသိပညာများဖြင့်  ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြမည်ဖြစ်ကာ တိုင်းရင်းဆေးပညာရပ်ဝန်းအတွက် တန်ဖိုးမဖြတ်နိုင်သော   ရလဒ်ကောင်းများရရှိအောင်     ကြိုးပမ်း ဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။
စာတမ်းများ 
ဖတ်ကြားဆွေးနွေးကြမည်
ဆက်လက်၍ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စာတမ်းရှင်များက တိုင်းရင်း ဆေးပညာ ရိုးရာကုထုံးနည်းစနစ်နှင့်  ဆေးဝါးဆိုင်ရာစာတမ်းများ ဖတ်ကြားဆွေးနွေးကြမည် ဖြစ်ပါသည်။ 
အချုပ်အားဖြင့်ဆိုရသော်   နိုင်ငံတော်အကြီးအကဲ၏ အားပေး ချီးမြှောက်မှု၊ ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၏   အနီးကပ်ကြီးကြပ်မှုတို့ဖြင့်   ယခုကျင်းပမည့်ညီလာခံသို့  တက်ရောက်လာကြမည့် ညီလာခံကိုယ်စားလှယ်တော်ကြီးများနှင့် နှီးနွှယ်ပညာရှင်များအနေဖြင့် တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက် ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆွေးနွေးပေး အကြံပြု ကြပါရန် တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။          ။