ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးသည့် အရေအတွက် မှတ်တမ်းတင်ရလောက်အောင်မြင့်တက်

 

ရှန်ဟိုင်း    ဧပြီ    ၂၅ 
တင်းကျပ်သည့်   အလုံပိတ်ကန့်သတ်ချက်များ  ချမှတ်ထားသည့် ကြားက ရှန်ဟိုင်းတွင် ကိုဗစ်-၁၉  ဖြင့် သေဆုံးသည့်  အရေအတွက် မှတ်တမ်းတင်ရလောက်အောင်  မြင့်တက်လာခဲ့ကြောင်း  ရှန်ဟိုင်း အာဏာပိုင်များက ပြောကြားလိုက်သည်။ 
ဧပြီ ၂၄ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၉၄၅၅ ဦးရှိပြီး  သေဆုံးသူ   အများဆုံး  ၅၁ ဦး  ရှိခဲ့ကြောင်း   အာဏာပိုင်များက အတည်ပြုပြောကြားသည်။ မြို့တော်ပေကျင်းတွင်လည်း ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုများ  ရှိနေပြီး  သောကြာနေ့နှင့်  တနင်္ဂနွေနေ့ ကြား ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၄၇ ဦးရှိကြောင်း အာဏာပိုင် များက အတည်ပြုခဲ့သည်။ 
မြို့တော်၏   ချိုရန်ဒေသတွင်   ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်သည်။ ဒေသဆိုင်ရာအာဏာပိုင်များက တချို့ဒေသများ တွင် ဧပြီ  ၂၅  ရက်မှစကာ  အပြင်ထွက်ခြင်းကို ကန့်သတ်ထားပြီး  အိမ်မှအလုပ်လုပ်ရန် တိုက်တွန်းထားကြောင်း သိရသည်။  အဆိုပါ ဒေသတွင်   ပီစီအာရ်စမ်းသပ်စစ်ဆေးခြင်းကို   ဧပြီ   ၂၅    ရက်က ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ရာ ဒေသခံ ၃ ဒသမ ၄ သန်းနှင့် အဆိုပါဒေသသို့ သွားလာသူများ ပါဝင်ခဲ့ကြောင်းသိရသည်။ ၎င်းတို့ သည် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးခြင်း သုံးမျိုးကို ခံယူရမည် ဖြစ်သည်။ 
ရှန်ဟိုင်းဖြစ်စဉ်ကဲ့သို့  အလုံပိတ်ကန့်သတ်ချက်   ချမှတ်မည် ကို  စိုးရိမ်သောကြောင့် ပေကျင်းဒေသခံများသည် အစားအသောက် များကို စုပြုံတိုးဝှေ့ဝယ်ယူလျက်ရှိသည်။  ဒေသဆိုင်ရာ  မီဒီယာ များက ဒေသခံများကို  စိတ်အေးလက်အေး ဝယ်ယူကြရန်နှင့်   ကုန်တိုက်များတွင် လုံလောက်သော အစားအစာများရှိကြောင်း ဖော်ပြထားသည်။                       အင်န်အိတ်ချ်ကေ