ရှမ်းပြည်နယ်ဝန်ကြီးချုပ် မဲခေါင်မြစ်တစ်လျှောက် ရွှေတြိဂံဇုန်အထိ နိုင်ငံနယ်နိမိတ်အား ကွင်းဆင်းကြည့်ရှု

 

တာချီလိတ်      အောက်တိုဘာ  ၁၆


ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်း ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၁၅ ရက် နံနက် ၈ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ   နဂါးနှစ်ကောင်ဘုန်းကြီးကျောင်း  ဆရာတော်အား  ဖူးမြော်ကန်တော့၍ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

 


 ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည်   တာချီလိတ်ခရိုင် ဝမ်ပုံဆိပ်ကမ်းမှ ရေကြောင်း ရဲတပ်ဖွဲ့စက်လှေဖြင့်       မဲခေါင်မြစ်တစ်လျှောက် မြန်မာ - ထိုင်း- လာအိုနိုင်ငံ ဆုံတွေ့ရာ ရွှေတြိဂံ ဇုန်အထိ နိုင်ငံနယ်နိမိတ်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တာချီလိတ်မြို့  စံလင်းဖြိုးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသော   ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် နေရပ်ပြန်များ ထားရှိမည့်နေရာများကို  ကြည့်ရှုစစ်ဆေးကြသည်။

 


အဆိုပါ နေရပ်ပြန်များထားရှိနိုင်မည့် နေရာများ တွင် ထိုင်းနိုင်ငံမှ ပြန်လာမည်ဆိုပါက မိုးကုတ်ရိပ်သာ တွင် လူဦးရေ ၂၀၀ ၊ အားကစားရုံတွင် လူဦးရေ ၆၀ နှင့် လာအိုနိုင်ငံမှ ပြန်လာပါက ဝမ်လုံးတွင် ၁၀၀၀ ၊ စံလင်းဖြိုးစင်တာတွင်   လူဦးရေ   ၂၀၀  ဆံ့  နေရာ ထိုင်ခင်းများကို     ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အောင်မြတ်ခန်းမ၌  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း   အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က  ရှမ်းပြည် နယ်(အရှေ့ပိုင်း)တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင် ရွက်ပေးရန် ၅၄၀၆၃ ဦးရှိသည့်အနက် စီမံချက်စတင် သည့် (၃.၅.၂၀၂၁)ရက်နေ့မှ ယနေ့ထိ   အိမ်ထောင်စု ၆၁၂၀ ၊  လူဦးရေ  ၂၇၀၃၃  ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ၂၀၁၃၇  ဦးကို  ဆောင်ရွက်ပေးနိုင်သည့် အတွက်ကြောင့်   လုပ်ငန်းပမာဏ  ၃၇  ဒသမ  ၂၅  ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ပြောကြားသည်။

 


ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက တာချီလိတ်မြို့နယ်အတွက် အိမ်ထောင်စု ၃၀ ၊  နိုင်ငံသားစိစစ်ရေးကတ်ပြား  ၂၅၀ ၊ မိုင်းဖြတ် မြို့နယ်အတွက် အိမ်ထောင်စု ၃၄ စု၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား၃၀၀၊ မိုင်းယောင်းမြို့နယ်အတွက် အိမ်ထောင်စု ၂၁ စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား   ၂၉၇ ဦး၊ တာချီလိတ်ခရိုင်နှင့်   မိုင်းဆတ်ခရိုင် နှစ်ခု ပေါင်း   အိမ်ထောင်စု   ၂၅၀ ၊  နိုင်ငံသားစိစစ်ရေး ကတ်ပြား ၉၄၈ ဦးတို့အတွက်   အိမ်ထောင်စုလူဦးရေ စာရင်းနှင့်    နိုင်ငံသားစိစစ်ရေးကတ်ပြားများကို   ပေးအပ်ခဲ့သည်။

 


ထို့‌နောက် တာချီလိတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် အောက်ဆီဂျင်စက်   ၁၂   လုံး၊  PPE ဝတ်စုံ  ၁၀၀၊ အရက်ပျံဘူး ၁၂၀ ၊    နှာခေါင်းစည်း  ၁၀၀၀၀  နှင့် ထောက်ပံ့ငွေကျပ် ၁၀ သိန်းတို့ကို ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တာချီလိတ် ခရိုင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ  ဦးတင်အုန်းကျော်က လက်ခံရယူသည်။

 

ယင်းနောက်  တြိဂံဒေသ တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက နှာခေါင်းစည်း ၈၅၀၀ ၊ရောဂါကာကွယ်ရေးဝတ်စုံ ၁၅၀ ၊  မျက်နှာအကာ  ၂၀၀ ၊   လက်အိတ်  ၇၀၀ ၊ လက်သန့်ဆေးရည်ဘူး ၉၅၀ ကို ထောက်ပံ့ပေးအပ် ရာ တာချီလိတ်ခရိုင် ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ   ဒေါက်တာဝင်းခိုင်က   လက်ခံရယူကြောင်း သိရသည်။               

မောင်မောင်သန်း(တောင်ကြီး)