
နေပြည်တော် ဇွန် ၇
ရှမ်းပြည်နယ်၏ ကော်ဖီနှင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် အားကောင်းလာစေရေး အတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ် အစည်း အဝေးခန်းမ၌ ကျင်းပသည်။
စီးပွားဖြစ်ထုတ်ကုန်တစ်ခု
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကော်ဖီကို စီးပွားဖြစ်ထုတ်ကုန် တစ်ခုအဖြစ် ဆောင်ရွက်ရန် ရွာငံ၊ နောင်ချို၊ ပင်လောင်း၊ ဟိုပုံး စသည့်ကော်ဖီအဓိကစိုက်ပျိုးနေ သည့် ဒေသများရှိ တောင်သူအစုအဖွဲ့များကို အားပေး ပြီး ကော်ဖီစိုက်ပျိုးသည့် ဧရိယာတိုးချဲ့ရေး၊ ဒေသနှင့် သင့်တော်ပြီး ဈေးကွက်က နှစ်သက်လိုလားသည့် ကော်ဖီမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ အထူးတန်းဝင် ကော်ဖီရရှိရေးအတွက် ထုတ်လုပ်မှုဆိုင်ရာ နည်းစနစ် များ အဆင့်မြှင့်တင်အသုံးပြုရေး၊ အလားတူ အရည်အသွေးကောင်း လက်ဖက်စို၊ လက်ဖက် ခြောက်များ ထွက်ရှိရေးနှင့် လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရန် စိုက်စနစ်များ၊ စိုက်ခင်းပုံစံ များ၊ မျိုးများ စနစ်တကျ ပြန်လည်ဆောင်ရွက်ပေးရေး ဆိုင်ရာ ကိစ္စ၊ ရှမ်းပြည်နယ်၏ အဓိကထုတ်ကုန်တစ်ခု ဖြစ်သော ပြောင်းဖူးသီးနှံနှင့် တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် ထုတ်လုပ်မှုမြှင့်တင်ရေး၊ ပြောင်းဖူး စိုက်ပျိုးထုတ်လုပ်ရာတွင် ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးပြုနိုင်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးပြီး ရှမ်းပြည်နယ်ကို မြန်မာနိုင်ငံ၏ တတိယဆီအိုးကြီးအဖြစ် အကောင်အထည်ဖော် ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်ဒေသနေပြည်သူများ၏ ဝင်ငွေ တိုးတက် ရေး၊ လူမှုစီးပွားမြှင့်တင်နိုင်ရေးအတွက် တောင်သူ များ စိုက်ပျိုးထွက်ရှိလာသည့် ကော်ဖီသီးနှံများ ရောင်းဝယ်ဖောက်ကားခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနက ဖြည့်ဆည်းကူညီပေးသွားမည့် အခြေအနေများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများ နှင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ကုန်ထုတ်သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက် နိုင်ရေး၊ သမဝါယမချေးငွေဖြင့် လုပ်ငန်းတိုးချဲ့ဆောင် ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးပြော ကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် အစည်းအဝေး တက်ရောက်လာကြ သူများက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြ ဆွေးနွေးခဲ့ကြသည်။
ကမ္ဘာ့ဈေးကွက်တွင် ထိုးဖောက်နိုင်ရေး
မြန်မာ့ကော်ဖီကို အရည်အသွေးမြင့်မြင့်ဖြင့် ကမ္ဘာ့ဈေးကွက်တွင် ထိုးဖောက်နိုင်ရေးနှင့် ပြည်ပသို့ အဓိကတင်ပို့သည့် ကုန်စည်တစ်ခုဖြစ်စေရေး အတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ် ဖောက်ကားမှု၊ ပြုပြင်ထုပ်ပိုးမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပ ဈေးကွက်ချိတ်ဆက်မှု စသည့်ကွင်းဆက် တစ်လျှောက် အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးလာ စေရန် ကော်ဖီဗဟိုအဖွဲ့ကို ဆက်စပ်ဝန်ကြီးဌာနများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများဖြင့် ပေါင်းစပ်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဋ္ဌ၊ ကော်ဖီထုတ်လုပ် ရောင်းဝယ်တင်ပို့သူများ အဖွဲ့နှင့် ကော်ဖီစိုက်ပျိုးသူအဖွဲ့များ စသည့်ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း၊ ကော်ဖီဗဟိုအဖွဲ့အနေဖြင့် ကော်ဖီစိုက်ဧရိယာ တိုးချဲ့ ရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်အသုံးပြုရေး၊ အထွက်နှုန်း တိုးတက်ရေးနှင့်အတူ အထူးတန်းဝင် အရည်အသွေးကောင်း ကော်ဖီထုတ်လုပ်ရေးနှင့် ပြည်ပဈေးကွက်တိုးချဲ့ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွာငံဒေသတွင် ကော်ဖီစိုက် ဧက ၇၀၀၀ ကျော်၊ နောင်ချိုဒေသတွင် ကော်ဖီစိုက် ဧက ၁၀၀၀၀ ကျော်ရှိကာ ရှမ်းပြည်နယ်၌ စုစုပေါင်း ကော်ဖီစိုက်ဧရိယာ ဧက ၂၇၀၀၀ ကျော်ရှိသည့် အတွက် တစ်နိုင်ငံလုံး ကော်ဖီစိုက် ဧရိယာ၏ ထက်ဝက်ကျော်ရှိပြီး ကော်ဖီတိုးတက်စိုက်ပျိုး ထုတ်လုပ်ရန် အခြေခံကောင်းများ ရှိနေကြောင်း သိရသည်။
ကော်ဖီစိုက်တောင်သူများအား တွေ့ဆုံ
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုပုံးမြို့နယ် လုံဟေးကျေးရွာ ကော်ဖီစိုက်ခင်းအနီးတွင် မြန်မာ နိုင်ငံ ကော်ဖီအသင်းမှ တာဝန်ရှိသူများ၊ ကော်ဖီအစု အဖွဲ့ ကိုယ်စားလှယ်များ၊ လုံဟေး၊ တုတ်စောက်၊ တမ်းဖုရား၊ ငိုချီးကျေးရွာများမှ ကော်ဖီစိုက်တောင်သူ များအား တွေ့ဆုံ၍ လက်ရှိကော်ဖီစိုက်ပျိုးထုတ်လုပ် မှုနှင့် ဈေးကွက်အခြေအနေများ၊ အထူးတန်းဝင် ကော်ဖီတိုးချဲ့စိုက်ပျိုးရေးအတွက် ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရနှင့် ကော်ဖီစိုက်တောင်သူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုးပမ်းဆောင်ရွက် ရန် လိုအပ်ချက်များ၊ ကျေးလက်ဒေသနေ ပြည်သူ များ၏ မိသားစုဝင်ငွေ တိုးတက်စေရေးအတွက် အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်ရန် သင်တန်းများ စီစဉ်ပေးခြင်းနှင့် လုပ်ငန်းလည်ပတ်ရန် ပံ့ပိုးမှုများ ဆောင်ရွက်ပေးနေမှုတို့ကို ရင်းနှီးခင်မင်စွာ ဆွေးနွေး ကြပြီး ဒေသနေပြည်သူများ၏ ကုန်ထုတ်လမ်းနှင့် ကျေးလက်လမ်းရရှိရေး ၊ လျှပ်စစ်မီးအသုံးပြုနိုင်ရေး တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အရည်အသွေးကောင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများကို ပေးအပ်ရာ ကော်ဖီအစုအဖွဲ့ကိုယ်စားလှယ်များက လက်ခံရယူ ပြီး ကျေးဇူးတင်စကား ပြောကြားကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုပုံးမြို့ အလင်း ပွင့် ကော်ဖီစေ့သန့်စင်စက်ရုံသို့ ရောက်ရှိကြပြီး ကော်ဖီအခွံချွတ်စက်၊ ကော်ဖီစေ့သန့်စင်စက်များဖြင့် ကော်ဖီစေ့ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်