ရှမ်းပြည်နယ်၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိ ဘေးအန္တရာယ်ပေါင်း ၂၂၈ ကြိမ် ဖြစ်ပွားခဲ့

တောင်ကြီး သြဂုတ် ၉ ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၉ ရက်က တောင်ကြီးမြို့ ပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက ရှမ်းပြည်နယ်အတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိ ဘေးအန္တရာယ်ပေါင်း ၂၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီးအိမ်ထောင်စု ၁၀၅၂၆ စုကျော်လူဦးရေ ၄၅၂၉၁ ဦးကျော် ဘေးဒဏ်ခံစားခဲ့ရပြီး သေဆုံးသူ ၆၇ ဦး၊ ဒဏ်ရာ ရရှိသူ ၁၁၆ ဦးရှိခဲ့ရာ ကယ်ဆယ်ရေး ပစ္စည်းနှင့် ရန်ပုံငွေတန်ဖိုး စုစု ပေါင်း ငွေကျပ် ၂၈၃၂ သိန်းကျော် ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ယခုလတ်တလောတွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ ရပ်စောက်၊ ကျောက်မဲနှင့် တာချီ လိတ်မြို့နယ်များတွင် ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ပြီး နေအိမ် ပျက်စီးမှုများအတွက် ထောက်ပံ့ မှုများ ဆောင်ရွက်ပေးခဲ့သလို ရေဘေးသင့် ပြည်သူများကိုလည်း ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်း၍ ဆန်ရိက္ခာထောက်ပံ့ မှုများလည်း ဆောင်ရွက်ထားရှိ ကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ရှမ်းပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သက်ဆိုင် ရာ လုပ်ငန်းအဖွဲ့များက လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကိုရှင်းလင်းတင်ပြကြပြီး ခရိုင် ၂၁ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသနှင့် အုပ်ချုပ်ရေးအဖွဲ့ခွဲ များမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆွေးနွေးတင်ပြသည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှဦးက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ မောင်မောင်သန်း(တောင်ကြီး)