
နေပြည်တော် ဇူလိုင် ၁၅
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီနှင့် မူဆယ်မြို့နယ်တို့တွင် တရားမဝင် တင်သွင်းလာသည့် ထိန်းချုပ်ဓာတု ပစ္စည်းများ၊ အခြားဓာတုပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ် ပန်စုံ ကျေးရွာအနီး မန္တလေး - မူဆယ် သွားကားလမ်းတွင် မူဆယ်မှ မန္တလေးသို့ တင်အောင်လှမောင်းနှင် ပြီး လှငွေလိုက်ပါလာသည့် TOYO -TA HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ် တွင် တရားမဝင် သယ်ဆောင်လာ သည့် ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်အက်စီတိတ် ၂ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ မွန်းတည့် ၁၂ နာရီတွင် လားရှိုးမြို့ ရပ်ကွက်(၁၂) မီးပွိုင့်လမ်းဆုံတွင် ထိန်းချုပ်ဓာတု ပစ္စည်းများ တရားမဝင် တာဝန်ခံ သယ်ဆောင်သူ အားဖျင်နှင့် အားဆန် တို့ နှစ်ဦးအား WISH မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက် ဖော်ထုတ်ချက်အရ မွန်းလွဲ ၂ နာရီ တွင် မူဆယ်မြို့ ကောင်းမှုတုံ ရပ်ကွက် စက်မှုနယ်မြေရှိ အုတ် စက်ရုံ ဂိုဒေါင်ကို ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ဂိုဒေါင် တာဝန်ခံ ဟန်မင်းအောင်(ခ)ထက်ကြီးနှင့် မခိုင်စုနွယ်(ခ) ခိုင်စုတို့အား တရားမဝင်သိုလှောင် ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်အက်စီတိတ် ၁ ဒသမ ၂၅ တန်၊ အခြားဓာတုပစ္စည်းများ ဖြစ်သည့် ပိုတက်စီယမ်ဆာလဖိတ် ၂ ဒသမ ၄ တန်၊ ဆိုဒီယမ် ကာဗွန်နိတ် ၆ ဒသမ ၇၅ တန်၊ ဆိုဒီယမ်ကလိုရိုက် ၃၈၀ ကီလို၊ ဓာတုပစ္စည်း အနံ့နှင့် ဓာတ်ငွေ့ကာ မျက်နှာဖုံး ၁၈ ခုနှင့် တွဲလျက် အသုံးပြုသည့် လေစစ်ဇကာ ၁၀၅ ခုတို့အားလည်းကောင်း၊ ညနေ ၅ နာရီတွင် မူဆယ်မြို့ စွမ်စော် ရပ်ကွက် စွမ်စော် (၄) လမ်းရှိ ဂိုဒေါင်ကို ဆက်လက်ရှာဖွေရာ ဂိုဒေါင်စောင့် သူရကျော်ကို တရားမဝင် သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ် အက်စီတိတ် ၁ ဒသမ ၅၅ တန်နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်အက်စီတိတ် ၅ ဒသမ ၃တန်၊ အခြားဓာတုပစ္စည်းများ ဖြစ်သည့် ပိုတက်စီယမ်ဆာလဖိတ် ၂ ဒသမ ၄ တန်၊ ဆိုဒီယမ် ကာဗွန်နိတ် ၆ ဒသမ ၇၅ တန်၊ ဆိုဒီယမ်ကလိုရိုက် ကီလို ၃၈၀၊ ဓာတုပစ္စည်းအနံ့နှင့် ဓာတ်ငွေ့ကာ မျက်နှာဖုံး ၁၈ ခု၊ လေစစ်ဆန်ခါ ၁၀၅ ခု တို့ကို သိမ်းဆည်းရမိခဲ့၍ ၎င်းတို့အား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)