
နေပြည်တော် မေ ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အတွင်း ခေတ်မီစံပြကျေးရွာ (Smart Village) များ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံးနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ ငိုမူးကျေးရွာ ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ် ပေးသော လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယခုသင်တန်းသည် ဦးစီးဌာန နှစ်ခုပူးပေါင်း၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး မိသားစု ဝင်ငွေတိုးပွားရေးအတွက် များစွာအကျိုးပြုနိုင်ပါ ကြောင်း၊ သင်တန်းအောင်မြင်ပြီးသူများအား သမဝါယမစနစ်ဖြင့် အသင်းအဖွဲ့များဖွဲ့စည်းကာ လိုအပ်မှုများ ထောက်ပံ့ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သင်တန်းသားများကလည်း စိတ်ပါ ဝင်စားပြီး တက်ကြွစွာဖြင့် သင်ယူကြစေလိုပါကြောင်း ပြောကြားပြီး သင်တန်းပို့ချနေမှုများအား ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ဆက်လက်၍ တောင်ကြီးမြို့ အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ကာ ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာ စီမံကိန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ ကျေးရွာ များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအား လည်းကောင်း ညှိနှိုင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် ဟိုပုံးမြို့နယ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးသို့ ရောက်ရှိပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တွေ့ဆုံ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျောက်တန်းကျေးရွာ၏ စံပြ ကျေးရွာ စီမံကိန်းလုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးသည်။ ယခုအခါ ရှမ်းပြည်နယ်တွင် စံပြကျေးရွာ ကိုးရွာရွေးချယ်၍ ဆောင်ရွက်သွားမည် ဖြစ်ပြီး စံပြကျေးရွာရွေးချယ်ရာတွင် အခြေခံအချက် ၁၅ ချက်နှင့် ကိုက်ညီသည့် ကျေးရွာများကို ဦးစားပေးရွေးချယ်ခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဟိုပုံးမြို့နယ် ကျောက်တန်းကျေးရွာတွင် ငွေကျပ် ၈၀၄ သန်းဖြင့် စံပြကျေးရွာစီမံကိန်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟိုပုံး မြို့နယ်တွင် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျောက်တန်းကျေးရွာ သို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးအစီအစဉ်များ နှင့်ပတ်သက်၍ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ရှင်းလင်းဆွေးနွေး တင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က စံပြကျေးရွာစီမံကိန်း အောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဦးစီးဌာနများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး လိုအပ်သည့် ဘဏ္ဍာရန်ပုံငွေများ တင်ပြနိုင်ရေး ကြိုတင်စီစဉ် ရေးဆွဲဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းလိုအပ် ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်