
နေပြည်တော် နိုဝင်ဘာ ၁၇
နိုင်ငံတော်အစိုးရက နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အလေးထား ဆောင်ရွက်လျက် ရှိရာ ဝိသမလောဘသမားများ အနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများကို တရား မဝင် ပို့ဆောင်ပြီး Online မှ တစ်ဆင့် ငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိသည့် အတွက် လုံခြုံရေးအဖွဲ့အစည်း များက ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက် နံနက်ပိုင်း တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သည့် ပူးပေါင်းအဖွဲ့များက သတင်းအရ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းခရိုင် မက်မန်း မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ရောင်အူကျေးရွာ အုပ်စု မတ်ငေါက်ကျေးရွာတွင် တရားမဝင် တရုတ်နိုင်ငံသား ကျား ၈ ဦးကို လည်းကောင်း၊ ဆွတ်ဝိုးအုပ်စု အောင်သံလွင် ကျေးရွာတွင် တရားမဝင် တရုတ် နိုင်ငံသား ကျား ၁၉၆ ဦး၊ မ ၂ ဦး နှင့် မလေးရှားနိုင်ငံသား ကျား ၂ ဦး၊ ပေါင်း ၂၀၀ ကိုလည်းကောင်း၊ အေးကျန့်အုပ်စု ကာနကျေးရွာ တွင် တရားမဝင် တရုတ်နိုင်ငံ သား ကျား ၃၉ ဦး၊ မ ၁ ဦးနှင့် မြန်မာနိုင်ငံသား ကျား ၃ ဦး၊ မ ၅ ဦး၊ ပေါင်း ၄၈ ဦးကို လည်းကောင်း ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်။
အလားတူ နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့က သတင်းအရ မိုင်းယောင်း မြို့နယ် မိုင်းယုမြို့ တာကြန့် အုပ်စု တာကြန့်ကျေးရွာအနီး ဟိုခိုလမ်းခွဲ၌ စစ်ဆေးဆောင်ရွက် နေစဉ် မိုင်းယုမြို့ဘက်မှ မိုင်းယောင်းမြို့ဘက်သို့ မောင်းနှင် လာသော ဆိုင်ကယ် ၂ စီးအား စစ်ဆေးရာ တရားမဝင် တရုတ် နိုင်ငံသား ကျား ၁ ဦးနှင့် မ ၁ ဦး၊ ပေါင်း ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများအား စစ်ဆေး ချက်အရ ဆိုင်ကယ်မောင်းနှင်သူ ကော်ဆမ်မိန်းကျေးရွာနေ ကိုမင်း ၏ နေအိမ်အား ရှာဖွေစစ်ဆေးခဲ့ရာ တရားမဝင် တရုတ်နိုင်ငံသား ကျား ၈ ဦးနှင့် မြန်မာနိုင်ငံသား ကျား ၅ ဦး၊ ပေါင်း ၁၃ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့အတူ နိုဝင်ဘာ ၉ ရက် နံနက် ၁၁ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့က သတင်းအရ တာချီလိတ် မြို့နယ် မိုင်းဖုန်း (က) အုပ်စု ပါဆာကျေးရွာနှင့် စံဖူးကျေးရွာ ကြားရှိ ဝမ်ပုံ - စံဖူး သွား ကားလမ်းတစ်လျှောက် ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ စံဖူးကျေးရွာအနီး လယ်ကွင်း နေရာ၌ တရားမဝင် တရုတ်နိုင်ငံ သား ကျား ၆ ဦးနှင့် မ ၁ ဦး၊ ဗီယက်နမ်နိုင်ငံသား မ ၁ ဦး၊ ပေါင်း ၈ ဦးကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်။
ထို့အပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ကလောမြို့ဝင်တိုးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့က စစ်ဆေးခြင်းများ ဆောင် ရွက်နေစဉ် နိုဝင်ဘာ ၈ ရက် နံနက် ၇ နာရီခန့်တွင် တရားမဝင် တရုတ်နိုင်ငံသား ကျား ၇ ဦးကို ဖမ်းဆီးရမိခဲ့သည်။
အထက်ပါ ဖမ်းဆီးရမိသူများ အား ကနဦး စစ်ဆေးချက်အရ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း၌ Online မှတစ်ဆင့် ငွေကြေး လိမ်လည်မှုနှင့် လောင်းကစားမှု များ ပြုလုပ်ရန်အတွက် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေခြင်း ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ရှာဖွေဖော်ထုတ်ဖမ်းဆီးနေ ကြောင်း သိရှိရသဖြင့် ကျေးရွာများ သို့ သွားရောက်၍ ခေတ္တပုန်းခိုနေထိုင်နေခြင်းဖြစ်ကြောင်း သိရှိရ သည်။
အဆိုပါ Online ငွေကြေး လိမ်လည်မှုနှင့် လောင်းကစားမှု များတွင် ပါဝင်ပတ်သက်လျက် ရှိသည့် ဖမ်းဆီးရမိတရားခံ တရုတ်နိုင်ငံသား ၂၇၀ ၊ မလေးရှား နိုင်ငံသား ၂ ဦး၊ ဗီယက်နမ် နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၂၈၆ ဦးတို့အား တရားဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူဆောင်ရွက်နိုင် ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် မိဘပြည်သူများအနေ ဖြင့်လည်း Online ငွေကြေး လိမ်လည်မှုနှင့် လောင်းကစားမှု များ ဆောင်ရွက်နေသည့် အဖွဲ့ အစည်းများနှင့် ပါဝင်ပတ်သက်သူ များအား သိရှိရပါက သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများထံ လျှို့ဝှက်စွာ သတင်းပေးပို့နိုင် ကြောင်း အသိပေးသတင်း ထုတ်ပြန်ထားသည်။
သတင်းစဉ်