
အောင်ပန်း နိုဝင်ဘာ ၉
ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အောင်ပန်းအမှတ် (၂) တပ်မတော် ဆေးရုံ (ခုတင် ၇၀၀) သို့ ဆေး ပဒေသာပင် အလှူငွေလှူဒါန်း ပွဲကို နိုဝင်ဘာ ၈ ရက်က အဆိုပါ ဆေးရုံ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ဆေးပဒေသာပင်အတွက် အလှူငွေကျပ်သိန်း ၅၀ ကို ဗိုလ်မှူးချုပ်စောရန်နိုင်ထံ ပေးအပ် ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု လက်မှု ပညာသင်တန်းကျောင်း (အောင်ပန်း) ဟိုတယ်ဝန်ဆောင် မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသ တွင်းရှိ ဟိုတယ်များ၊ ဟိုတယ် လုပ်ငန်းရှင်များအနေဖြင့် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သား များရရှိရေး ဒေသတွင်း အလုပ် အကိုင်အခွင့်အလမ်း ဖန်တီး ဖော်ဆောင်ရေး ဦးတည်လျက် ဝိုင်းဝန်း ပူးပေါင်းကူညီဆောင်ရွက် ပေးရန် တိုက်တွန်းပြောကြား သည်။
ထို့နောက် သင်တန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဝင်းက သင်တန်း ဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက သင်တန်း တက်ရောက်မည့် သင်တန်းသားများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ကြ၍ သင်တန်း တွင် လက်တွေ့ပို့ချမည့် အိပ်ခန်း ဆောင် ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှု သင်တန်းပို့ချမည့် နေရာကို လှည့်လည်ကြည့်ရှု ကြသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၄၀ တက်ရောက် လျက်ရှိပြီး သင်တန်းကို နိုဝင်ဘာ ၈ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ ဖွင့်လှစ်ပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဟဲဟိုးမြို့ရှိ မျိုးချစ် တိုးချဲ့နို့စားနွားမွေးမြူ ရေးခြံသို့ သွားရောက်ကြည့်ရှုရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက တိုးချဲ့နို့စား နွားခြံနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က နို့စား နွားခြံမွေးမြူထားရှိမှု၊ နို့ညှစ်စက် များ၊ ဒိန်ချဉ်၊ ထောပတ်ထုတ်လုပ် မှုများကို လှည့်လည်ကြည့်ရှုသည်။
အဆိုပါ မျိုးချစ် တိုးချဲ့ နွားမွေးမြူရေးခြံမှ တစ်ရက်လျှင် နွားနို့ ပိဿာချိန် ၁၀၀ ကျော် ထွက်ရှိပြီး ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ဖြန့်ချိရောင်းချ လျက်ရှိသည့်အပြင် ဒိန်ချဉ်၊ နို့ခဲ၊ ထောပတ်များကိုပါ ထုတ်လုပ် ရောင်းချလျက်ရှိသည်။ ထို့ပြင် ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ ခွင့်ပြု ရန်ပုံငွေဖြင့် ကျောင်းသား ကျောင်း သူ ၄၅၀၀ အား နွားနို့ တိုက်ကျွေး သွားမည့် အစီအစဉ်တွင် တောင်ကြီးမြို့နယ်အတွက် အသင့် သောက်သုံးနိုင်သည့် နို့ဘူးများကို မျိုးချစ်နွားမွေးမြူရေးခြံက ထုတ် လုပ်ပေးလျက်ရှိကြောင်း သိရသည်။
မောင်မောင်သန်း
(တောင်ကြီး)