
တောင်ကြီး ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် မြန်မာ့သိုင်းပြိုင်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပြည်နယ် လေ့ကျင့်ရေးအားကစားရုံတွင် ယနေ့နံနက် ၁၀ နာရီ က ကျင်းပသည်။
ကျင်းပခြင်းဖြစ်
အခမ်းအနားတွင် ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးအောင်မြင့်က တက်ရောက်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ်အတွင်းရှိဒေသများတွင် မြန်မာ့သိုင်းအဆင့်အတန်း တိုးတက်မြင့်မား လာစေရန်၊ နိုင်ငံ့ဂုဏ်ဆောင် လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ လူငယ် လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်လာစေရန်၊ မြန်မာတိုင်း သိုင်းတတ်ရမည်ဟူသော ဆောင်ပုဒ်နှင့်အညီ မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားလာပြီး လူငယ်တိုင်းပါဝင်လှုပ်ရှားလာစေရန် ရည်ရွယ်ချက် များဖြင့် သိုင်းပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်းနှင့် ယခုပြိုင်ပွဲမှ လက်ရွေးစင်အားကစားသမားများကို ရွေးချယ်ပြီး နေပြည်တော်၌ ဖေဖော်ဝါရီလတွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် မြန်မာ့သိုင်း ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါပြိုင်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်မှ ပြိုင်ပွဲဝင် အားကစားသမား များက အမျိုးသား၊ အမျိုးသမီး ကီလိုတန်းအလိုက် ဗန်တိုအတိုက်ပြိုင်ပွဲ၊ ဓားသိုင်းအတိုက်(ဓားတစ်လက်၊ ဓားနှစ်လက်)ပြိုင်ပွဲ၊ တစ်ကိုယ်တော် ပညာစဉ်ပြ ပြိုင်ပွဲ၊ အသင်းလိုက်စွမ်းရည်ပြ အတွဲအတိုက်ပြိုင်ပွဲ၊ လက်နက်မဲ့၊ တုတ်ရှည်၊ ဓားရှည်၊ ဓားမြှောင်ဗန်တို၊ အချုပ်အဖြေကစားနည်းများကို ပြိုင်ပွဲနည်းစနစ် များအတိုင်း ဇန်နဝါရီ ၂၆ ရက်အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ပြီး ဆုများချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
တက်ရောက်
အခမ်းအနားသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း(တောင်ကြီး)မှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီးများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
စိုင်းသန်းကျော်(တောင်ကြီး)