တောင်ကြီး စက်တင်ဘာ-၂၇
၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊အက၊ အရေး၊အတီးပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာ(၂၇)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာပြိုင်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်ဦးသန်းဦးလွင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသီသင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိုင်ငံတော်၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့်အတူ ရှမ်းပြည်နယ်၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊အကအရေး၊အတီးပြိုင်ပွဲကို စက်တင်ဘာ(၂၇)ရက်နှင့်(၂၈)ရက်ထိ နှစ်ရက်ကြာကျင်းပ သွားမည် ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း၊မြောက်ပိုင်း၊တောင်ပိုင်း) နယ်မြေဒေသ(၃)ခုမှ ပြိုင်ပွဲဝင်ဦးရေ(၂၂၅)ယောက် ပါဝင် ယှဥ်ပြိုင်ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်မိပါကြောင်း၊ ပြိုင်ပွဲဝင်မောင်မယ်များအတွက် အထောက်အကူ ပြု ပံ့ပိုးပေးသည့် ပညာရှင်များအားလုံးကိုလည်း ရှမ်းပြည်နယ်အစိုးရ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင် ဝါသနာရှင်ပထမတန်း နှင့်ဒုတိယတန်းအဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့်နှစ်ဆင့်၊ စုစုပေါင်း(၅)ဆင့်ဖြင့် ပြိုင်ပွဲ အမျိုးအစား(၂၆)မျိုးကို ယှဥ်ပြိုင်ကြရမှာဖြစ်ပါကြောင်း၊ မိမိတို့ရှမ်းပြည်နယ်သည် (၂၄)ကြိမ်မြောက်ပြိုင်ပွဲတွင် ရွှေ(၃)ခု၊ ငွေ(၂)ခု၊ ကြေး(၇)ခု၊ နှစ်သိမ့်ဆု(၂)ဆုနှင့် အထူးဆု(၁)ဆု ရရှိခဲ့သလို (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ်ပြိုင်ပွဲတွင်လည်း ပြိုင်ပွဲဝင်မောင်မယ်များက ဆက်လက်၍ ပြည်နယ်ဂုဏ်ဆောင်နိုင်ကြမည်ကို ယုံကြည်မျှော်လင့်ပါကြောင်း၊ ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အရည်အချင်းပြည့်ဝသော အနုပညာရှင်များ ရှမ်းပြည်နယ်မှ အများဆုံးထွက်ပေါ်နိုင်စေရန် ဆုမွန်ချွေလိုပါကြောင်း၊ အမိမြန်မာပြည်အတွင်း မှီတင်းနေထိုင် ကြသော တိုင်းရင်းသားအားလုံး၏ ယဥ်ကျေးမှုများ အပြန်အလှန် သိရှိနားလည်းနိုင်စေရန် ရည်ရွယ်၍ တိုင်းရင်းသားရိုးရာ အက အလှည့်ကျပြိုင်ပွဲ ဖြစ်သော ‘ချင်းတိုင်းရင်းသားရိုးရာအက” ကို ဗဟိုအဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝင်ရောက်ယှဥ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားရိုးရာအက၊ ကျေးလက်ရိုးရာအက ပြိုင်ပွဲအတွက် ရှမ်းပြည်နယ်ကိုယ်စားပြုရွေးချယ်၍ ဝင်ရောက် ယှဥ်ပြိုင်ကြရမည့် တိုင်းရင်းသားရိုးရာအက အဖွဲ့များကိုလည်း ကြိုးစားပြီးယှဥ်ပြိုင်ကြရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ကိုယ်စားပြု ချင်းတိုင်းရင်းသား ရိုးရာအကအဖွဲ့က ကပြဖျော်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီး များနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ၂၀၂၄ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် ရှမ်းပြည်နယ်အဆင့် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင် အလွတ်တန်း တိုင်းရင်းသားကျေးလက် အကပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ အဆိုပြိုင်ပွဲတွင် ခေတ်ဟောင်းကာလပေါ် အခြေခံပညာ(၁၀-၁၅)နှစ် အမျိုးသမီးအဆိုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ ခေတ်ဟောင်းကာလပေါ် အခြေခံပညာ(၁၅-၂၀)နှစ် အမျိုးသား အဆိုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း ၊ ဝါသနာရှင်ဒုတိယတန်း အမျိုးသား ဒုံမင်းအတီး ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ဝါသနာရှင်(ဒုတိယတန်း) အရေးပြိုင်ပွဲ ပါဝင်ယှဥ်ပြိုင်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)