
မြင့်စိုး(နတလ)
ဗေဒါနှင့် စတင်မိတ်ဆက်ခြင်း
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တွင် တာဝန်ထမ်းဆောင်ခွင့်ရရှိပြီး ကျွန်တော်၏ ပထမဆုံးခရီးစဉ်မှာ ဧပြီ ၄ ရက်က သွားခဲ့သော “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့ (မော်ဖဒေသ) ခရီးစဉ်ဖြစ်ပါသည်။ ထိုခရီးစဉ်မှ အပြန် ဧပြီ ၂၁ ရက်၌ ကိုကိုးကျွန်းသို့ သွားခဲ့ ပါသည်။ ကျွန်တော်၏ တတိယခရီးစဉ်မှာ မေ ၁၀ ရက်မှ ၁၂ ရက်အထိ သွားရောက်ခဲ့သော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခရီးစဉ်များဖြစ်သည်။ ထိုခရီးစဉ် အတွင်း SMART Village ကျေးရွာများ ဖြစ်ကြသော ပင်းတယမြို့နယ်ထဲမှ ကျားကုန်းကျေးရွာနှင့် ဟိုပုံး မြို့နယ်ထဲမှ ကျောက်တန်းကျေးရွာတို့သို့ လည်း ကောင်း၊ ပင်းတယမြို့နယ်အတွင်းမှ ကျေးရွာရေ ရရှိရေးလုပ်ငန်းများနှင့် ကလောမြို့နယ်အတွင်း ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေ များကို လည်းကောင်း၊ တောင်ကြီးမြို့ပေါ်မှ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတို့သို့လည်းကောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်ပို့ချပေး နေသော တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) သင်တန်းများကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းခရီးစဉ်အတွင်းမှာ ပင် ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်က အားကစားခန်းမနှင့် တည်းခိုဆောင်လုပ်ငန်း၊ ဆန်၊ ဆီ၊ ဆားအပါအဝင် ဒေသထွက်ကုန်အရောင်းဆိုင်၊ အေးသာယာ၌ ဖွင့်လှစ်ထားသည့် ကိုအော့ပ်(Co-op)ဆေးရုံ၊ ညောင်ရွှေ မြို့နယ် စိုက်ပျိုးရေးကျေးရွာ၌ ဆောင်ရွက်နေသည့် ဗေဒါမြေဆွေးမှ သဘာဝ မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းတို့ကို ဝင်ရောက် အားပေးကြည့်ရှုခဲ့ပါသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ရှမ်း ပြည်နယ်တောင်ပိုင်း ခရီးစဉ်တွင် အောက်ပါ အတိုင်း လမ်းညွှန်ခဲ့ပါသည် -
“အင်းလေးကန်အတွင်း ကျွန်းမျောစိုက်ခင်း လုပ်ကိုင်မှုများကို လျှော့ချပြီး အင်းလေးကန် ထိန်းသိမ်းနိုင်ရေးအတွက် ဒေသခံများကို အသိ ပညာပေးဆောင်ရွက်သွားရန်နှင့် ဒိုက်၊ ဗေဒါများကို ဆယ်ယူပြီး ၎င်းတို့မှ မြေဩဇာထုတ်လုပ်အသုံးပြု နိုင်ရေး ဆောင်ရွက်ရန်”
ယင်းလမ်းညွှန်ချက်အရ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးသည် အောက်တိုဘာ ၂ ရက်က တောင်ကြီးမြို့တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဗေဒါမြေဆွေးဖြင့် သဘာဝမြေဩဇာထုတ်လုပ်ရေး ပြည်နယ်သမဝါယမအသင်းစုချုပ်အား တာဝန်ပေး ရန်၊ နည်းပညာကို စိုက်ပျိုးရေးဦးစီးဌာနမှ ရယူရန်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ရန်၊ လုပ်ငန်းစီမံချက် ရေးဆွဲတင်ပြရန် ညှိနှိုင်းမှာကြားကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကြီးကြပ်မှုကော်မတီများဖွဲ့စည်း
ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်အနေ ဖြင့်လည်း ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် သမဝါယမဦးစီးဌာနသို့ စီမံချက်ရေးဆွဲတင်ပြခဲ့သည်။ ထို့အတူ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်က ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး၌ ရှင်းလင်း တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်း ပေးခဲ့သည်။ ယင်းကော်မတီကို စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ဦးဆောင်ပြီး သက်ဆိုင်ရာ ပြည်နယ်အဆင့် ဦးစီးဌာနများမှ အဖွဲ့ဝင် ၁၃ ဦး ပါဝင်ပါသည်။ အနီးကပ် ကူညီပံ့ပိုးပေးနိုင်ရန် အတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့ဝင် ကိုးဦးဖြင့် မြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းခဲ့သည်။
သဘာဝမြေဩဇာ စတင်စမ်းသပ်ထုတ်လုပ်
သဘာဝမြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးရန် ရွေးချယ်ထားသောနေရာမှာ ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးကျေးရွာရှိ ရှမ်းပြည်နယ် သမဝါယမ အသင်းစုပိုင် မြေနေရာဖြစ်ပါသည်။ ငါးဧကခန့် ကျယ်ဝန်းပြီး ယခင်က ငါးမွေးမြူရေးလုပ်ကိုင်ခဲ့သည့် ကန်ဟောင်းနေရာလည်း ဖြစ်သည်။ ဗေဒါမြေဆွေး စုပုံထားသောနေရာမှာ ညောင်ရွှေလှေဆိပ်မှ သုံးမိုင် ခန့်ဝေးပါသည်။ လှေဆိပ်သို့ရောက်လာသည့် ဗေဒါ ကုန်ကြမ်းများကို ကားဖြင့်တင်၍ နှစ်မိုင်ခန့်ဝေး သော စိုက်ပျိုးရေးကျေးရွာသို့ ဆက်လက်သယ်ယူ ကြရပါသည်။ ရေလမ်း သုံးမိုင်၊ ကုန်းလမ်း နှစ်မိုင် စုစုပေါင်း ငါးမိုင်ခန့် ဝေးပါသည်။
ဗေဒါသဘာဝမြေဩဇာတွင် အဓိကပါဝင်သော ကုန်ကြမ်းများမှာ ဗေဒါစိမ်း၊ ဗေဒါ မြေဆွေး၊ ကြက် ချေးခြောက်၊ နွားချေးခြောက်၊ အရိုးမှုန့်၊ ဂေါ်ဒန် ကျောက်မှုန့်၊ စပါးခွံ၊ EM ဖျော်ရည်၊ တင်လဲရည်တို့ ဖြစ်သည်။ ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ဗေဒါစိမ်း၊ ကြက်ချေးခြောက်၊ စပါးခွံ၊ EM ဖျော်ရည်၊ တင်လဲရည်ကုန်ကြမ်းများ အသုံးပြု၍ ၆ပေ x ၄ပေ x ၄ပေ မြေဆွေးပုံ အလွှာခြောက် လွှာပြုလုပ်ကာ စတင်စမ်းသပ်ထုတ်လုပ်ခဲ့ပါသည်။ တွေ့ရှိချက်အပေါ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက စပါးခွံနှင့် ကျောက်မှုန့်များကိုပါ ထည့်သွင်းအသုံးပြုရန် အကြံပြုခဲ့သည်။ ထိုသို့ အကြံပြုချက်အရ ထပ်မံထုတ်လုပ်ခဲ့သော သဘာဝ မြေဩဇာ၏ စိုထိုင်းဆ (Moisture)၊ နိုက်ထရိုဂျင် (N)၊ ဖော့စဖောရပ် (P2O5)၊ ပိုတက်စီယမ် (K2O)၊ ဆာလဖာ (S)၊ အော်ဂဲနစ်ပစ္စည်း (Organic Matter)၊ ကာဗွန်နှင့် နိုက်ထရိုဂျင်အချိုး(C:N) တို့ကို သိရှိနိုင်စေရန် ရန်ကုန်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနမြေအသုံးချရေးဌာနခွဲသို့ နမူနာပေးပို့ ဓာတ်ခွဲ စမ်းသပ်ခဲ့ပါသည်။ ပဏာမစမ်းသပ် တွေ့ရှိချက်များ အရ နိုက်ထရိုဂျင်ပါဝင်မှုနှင့် အော်ဂဲနစ်ပစ္စည်းပါဝင်မှု နှုန်းထားများမှာ သင့်တော်ကောင်းမွန်သောအခြေ အနေ တွေ့ရှိရပါသည်။ သာမန်သဘာဝမြေဆွေးမှ ဈေးကွက်ဝင် တောင်သူကြိုက် သဘာဝမြေဆွေး ဖြစ်လာစေရန် ထပ်မံစမ်းသပ်ထုတ်လုပ် ကြိုးစား ဆောင်ရွက်ခဲ့ကြသည်။ ထပ်မံစမ်းသပ် ရယူထား သောအဖြေမှာ Moisture ၁၂ ဒသမ ၃၃ ရာခိုင်နှုန်း၊ နိုက်ထရိုဂျင် ၁ ဒသမ ၀၅ ရာခိုင်နှုန်း၊ ဖော့စဖောရပ် ၀ ဒသမ ၄ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၀ ဒသမ ၄ ရာခိုင်နှုန်း၊ ဆာလဖာ ၃ ဒသမ ၁၄ ရာခိုင်နှုန်း၊ အော်ဂဲနစ် ပစ္စည်းပါဝင်မှု ၂၁ ဒသမ ၉ ရာခိုင်နှုန်း၊ ကာဗွန် နှင့် နိုက်ထရိုဂျင်အချိုး ၁၂:၀၉ ဖြစ်ကြောင်း သိရ သည်။
ဖြန့်ဖြူးရောင်းချရန်အသင့်
လတ်တလော စမ်းသပ်ထုတ်လုပ်ပြီးသော ၅၀ ကီလိုအိတ် ၃၄၃ အိတ်ကို တစ်အိတ်ကျပ် ၁၅၀၀ဝ နှုန်းဖြင့် စပါးစိုက်တောင်သူ၊ ပြောင်းစိုက်တောင်သူ၊ ပန်း၊ သရက်၊ ထောပတ် စိုက်ပျိုးသောတောင်သူ များထံ ရောင်းချပေးထားပြီးဖြစ်သည်။ ထွက်နှုန်းကို တိုင်းတာ၍ မရသေးသော်ငြားလည်း အပင်ဖြစ်ထွန်း ကြီးထွားမှု၊ ရှင်သန်မှုတို့မှာ အားရစရာကောင်း ကြောင်း ကြားသိရသည်။ ဗေဒါမြေဆွေး ၁၄၄ တန်မှ ထွက်ရှိလာမည့် ၅၀ ကီလိုအိတ် ၂၈၀၀ ကျော် မှာလည်း ထုပ်ပိုးရောင်းချရန် အသင့်ဖြစ်နေပေပြီ။ စဉ်ဆက်မပြတ် ထုတ်လုပ်သွားနိုင်ရေးအတွက် ဗေဒါမြေဆွေးကုန်ကြမ်း ၅၄၅ တန်ကို စက်လှေ တစ်တန် ကားတစ်တန်ဖြင့် သယ်ယူစုဆောင်း ထားရှိပြီး ဖြစ်သည်။ အခြားကုန်ကြမ်းများဖြစ်သည့် နွားချေး၊ ကြက်ချေး၊ အရိုးမှုန့်၊ ကျောက်မှုန့်၊ EM နှင့် တင်လဲရည်များရရှိဖို့လည်း အခက်အခဲမရှိ ကြောင်း သိရသည်။ တစ်ရက်လျှင် အိတ် ၂၀၀ ကျ ဗေဒါမြေဆွေး အမှုန့်ကြိတ်စက် (ရိုက်စက်)နှင့် ၁၅ HP မော်တာဝယ်ယူတပ်ဆင်ထားပြီး ဖြစ်ပါ သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကုန်ကြမ်း ရောမွှေစက်ဝယ်ယူရန် ငွေကျပ် ၁၈၆ သိန်း ထောက်ပံ့ပေးထားပါသည်။
ထုတ်ကုန်အမှတ်တံဆိပ် “ဗေဒါ”
ကဗျာစာဆိုအကျော်အမော် ဆရာကြီးဇော်ဂျီ၏ ဗေဒါလမ်းကဗျာကို မသိသူမရှိပါ။ ထို ကဗျာထဲမှာ ဗေဒါ၏အားမာန်ကို ကျွန်တော်တို့ မြင်ခဲ့ရသည်။ အတုယူအားကျခဲ့ရသည်။ စိတ်ခွန်အားတွေ ရခဲ့ သည်။ ယခုလည်း ရှမ်းပြည်နယ်သမဝါယမအသင်းစု ချုပ်သည် “ဗေဒါ” ဟူသော ကုန်ထုတ်အမှတ် တံဆိပ်ဖြင့် စွမ်းအားဖြည့်သဘာဝမြေဩဇာများကို ထုတ်လုပ်တော့မည်ဖြစ်သည်။ သဘာဝမြေဩဇာ ထုတ်လုပ်ခွင့်မှတ်ပုံတင်ကိုလည်း ပြီးခဲ့သည့် ဇွန် ၂၉ ရက်က ရရှိထားပြီးဖြစ်သည်။
သမဝါယမ၏ သင်္ကေတအမှတ်အသားဖြစ်သည့် ရောင်စဉ်ခုနစ် သွယ်သက်တံ့ကို နောက်ခံထား၍ ဗေဒါပင်နှင့် ပန်းပွင့်ပုံ ရိုက်နှိပ်ဖော်ပြထားသည်။ ပါဝင်ဓာတ် ပစ္စည်း အမျိုးအစားများနှင့် သုံးစွဲရန်အညွှန်းကို ထည့်သွင်းပေးထားပါသည်။
လတ်တလော ထုတ်လုပ် ရောင်းချမည့် ဗေဒါသဘာဝမြေဩဇာသည် အမှုန့် ဖြစ်သည်။ တောင်သူအများစု၏ အကြိုက်မှာ အတောင့်အခဲ ပုံသဏ္ဌာန်ဖြစ်ကြောင်း သိရ၍ အတောင့်အခဲ ပုံသဏ္ဌာန်ပြောင်းလဲထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကီလို ၅၀ သဘာဝမြေဩဇာအိတ်အစား တစ်ပိုင်တစ်နိုင် ထမ်းပိုးသယ်ဆောင်နိုင်သော ၂၅ ကီလိုအိတ်များ ထုပ်ပိုးရောင်းချနိုင်ရေးကိုပါ ဆောင်ရွက်လျက် ရှိကြောင်း တွေ့ရသည်။
အင်းလေးကန်သို့ရောက်ခဲ့သည်
ကျွန်တော် ဇူလိုင် ၇ ရက်က သွားရောက် ခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း ခရီးစဉ်တွင် ကလောမြို့နယ်ထဲ၌ SMART Village အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသာ ဘော်နင်း ကျေးရွာလူထုနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခြင်း၊ တောင်ကြီးမြို့ရှိ သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်းတွင် တက်ရောက် သင်ယူနေကြသော ကျောင်းသား ကျောင်းသူလေးများနှင့် တွေ့ဆုံ အားပေးစကား ပြောကြားခြင်းများ ဆောင်ရွက် ခဲ့ပါသည်။ ယခုတစ်ခေါက် ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်သမဝါယမအသင်းစု ချုပ်က ညောင်ရွှေမြို့ စိုက်ပျိုးရေးကျေးရွာတွင် ဆောင်ရွက်နေသော ဗေဒါမြေဆွေးကုန်ကြမ်းအခြေခံ အားဖြည့်သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်း ကို သွားရောက်ကြည့်ရှုအားပေးရန် ဖြစ်ပါသည်။ သဘာဝမြေဩဇာထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့် ကို ကြည့်ရှုလေ့လာရုံမျှမက အင်းလေးကန်ထဲမှ ဗေဒါမြေဆွေးကုန်ကြမ်း ရယူသည့်နေရာအထိ စက်လှေများဖြင့် သွားရောက်ကြည့်ရှုခဲ့ပါသည်။ အင်းလေးကန်ထဲမှ ဗေဒါများကို သက်ဆိုင်ရာက စနစ်တကျဆယ်ယူစုပုံပေးထားသည်။ စွမ်းအားဖြည့် သဘာဝမြေဩဇာထုတ်လုပ်ရန် ဗေဒါမြေဆွေး ကုန်ကြမ်းလုံလောက်စွာ တွေ့ရှိရပါသည်။
ဗေဒါကို အကျိုးရှိရှိ၊ တန်ဖိုးရှိရှိ အသုံးချနိုင်၍လည်း ဝမ်းသာ ပီတိဖြစ်ရပါသည်။ ထိုနေ့က ဖြစ်နိုင်လျှင် ဗေဒါ သဘာဝမြေဩဇာ ထည့်သွင်းစိုက်ပျိုးထားသော တောင်သူ ဦးကျော်မြင့်၏ စပါးစိုက်ခင်းသို့လည်း ကောင်း၊ လမ်းဦးစီးဌာနမှ ဝန်ထမ်း ဦးကိုဦးနှင့် ဇနီးဒေါ်အေးအေးခိုင်တို့ စိုက်ပျိုးထားသော ပြောင်း စိုက်ခင်းသို့ လည်းကောင်း သွားရောက်ကွင်းဆင်း ကြည့်ရှုလိုပါသေးသည်။ အချိန်မရတော့၍ ကြည့်ခွင့် မရခဲ့။ သို့သော် ထိုစပါးစိုက်ခင်းမှ နမူနာနုတ်ယူလာ သော ပင်စည်ပင်ပွားအားကောင်းကောင်း စပါး ပင်ပျိုများကို မြင်ခဲ့ရသည်။ ဗေဒါသည် မကြာသော ကာလမှာ ရှမ်းပြည်နယ် တစ်နံတစ်လျားသို့ ရောက်ရှိသွားပါလိမ့်မည်။ ဗေဒါကိုသုံးစွဲခြင်းဖြင့် မြေဆီလွှာကောင်းမွန်လာခြင်း၊ အထွက်နှုန်းကောင်း ခြင်း အကျိုးကျေးဇူးများကို လက်တွေ့ခံစားကြရ ပါလိမ့်မည်။ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ် ကဲ့သို့ပင် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ သမဝါယမအသင်းစုချုပ်များ၊ အသင်းစု များအနေဖြင့်လည်း အခြေခံကုန်ကြမ်း အမျိုးမျိုး အသုံးပြုကာ သဘာဝမြေဩဇာများ ထုတ်လုပ်၍ နိုင်ငံတော်၏ စိုက်ပျိုးရေးလုပ်ငန်း သွင်းအားစုများ အထိုက်အလျောက် လျှော့ချနိုင်ရေး၊ တန်ဖိုးသင့် သဘာဝမြေဩဇာများဖြင့် တောင်သူလယ်သမား တို့၏ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်လာစေ ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ဂုဏ်ပြုရေးသားအပ်ပါသည်။ ။
- Log in to post comments