
နေပြည်တော် ဧပြီ ၈
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ်လျှပ်စစ် အင်ဂျင် နီယာရုံး၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ် လျှပ်စစ်မှူးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် အစည်းအဝေးကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးက တိုးတက်သုံးစွဲလာမည့် ဓာတ်အား လိုအပ်ချက်များကို ကြိုတင်တွက်ချက်၍ တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက် ထားရှိရန်လိုအပ်ကြောင်း၊ လက်ရှိ အခြေအနေတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး ၁၉၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ် လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်းကိုလည်း ဆောလျင်စွာ ပြီးစီးနိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့အပြင် ယခုရောက်ရှိ နေသော ရှမ်းအရှေ့ဒေသ၌ ရေအားလျှပ်စစ် စီမံကိန်းများ ဆောင်ရွက်နိုင်ရန် သဘာဝအရင်း အမြစ်များစွာရှိသဖြင့် ၎င်းတို့ကို လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှု အနည်းဆုံးဖြင့် ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ စီမံ ဆောင်ရွက်ရာတွင်လည်း ပြည်သူလူထုကို ယခုကဲ့သို့ ဝန်အားထိန်းညှိ လျော့နည်းမှုများ မဖြစ်စေရေးအတွက် စီမံဆောင် ရွက်ရသည်ကို သိရှိနားလည် စေရန်နှင့် လျှပ်စစ်ဓာတ်အား တိုးတက် သုံးစွဲနိုင်မှသာလျှင် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်းကို နားလည်စေရန် ရှင်းလင်း ပြောကြားသွားကြရန် လိုအပ်ကြောင်း။
ထို့ပြင် ရှမ်းပြည်နယ်အတွင်း ဓာတ်အားမရရှိသေးသည့် မြို့များ နှင့် ကျေးရွာများသို့ လျှပ်စစ် ဓာတ်အား မရောက်မီကာလတွင် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးနိုင်ရေး စီမံ ဆောင်ရွက်ရန်နှင့် ဓာတ်အား ရောက်ရှိ ဖြန့်ဖြူးပေးနိုင်ရန်ကို လည်း နည်းလမ်းရှာဖွေခြင်း၊ ကြိုတင်တိုင်းတာတွက်ချက်မှုများ ပြုလုပ်ဆောင်ရွက်ပြီး နှစ်အလိုက် ရန်ပုံငွေလျာထား စီမံဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးကျော်သစ်ဆန်း က လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲ တိုးသွင်က ဖြည့်စွက်ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲ ရေးဦးစီးဌာန ၂၃၀ ကေဗွီ ကျိုင်းတုံ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးက လုပ်ငန်း များကို ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသူရအောင်ဘိုက ဖြည့်စွက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နမ်စံ ဓာတ်အားခွဲရုံမှ မိတ္ထီလာ (ကံကောင်း) ဓာတ်အားခွဲရုံအထိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း စီမံကိန်း လျာထားဆောင်ရွက် ထားမှုနှင့် ဓာတ်အားစနစ် ကြံ့ခိုင် ရေးအတွက် ပုံမှန်ထိန်းသိမ်း စစ်ဆေး ဆောင်ရွက်ရန်ကို လည်းကောင်း၊ ဓာတ်အားခွဲရုံ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့ နည်း ကျဆင်းစေရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အား ခွဲရုံသုံးပစ္စည်းများကို စဉ်ဆက် မပြတ် စစ်ဆေးဆောင်ရွက် သွားကြရန် မှာကြားခဲ့၍ ဓာတ်အားခွဲရုံ ထိန်းချုပ်ခန်း အတွင်း ဓာတ်အားဖြန့်ဖြူးပေး နေမှုနှင့် Switch Yard အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ၂၃၀ ကေဗွီ ကျိုင်းတုံ ပင်မဓာတ်အားခွဲရုံသည် ၂၃၀ ကေဗွီ မိုင်းပျဉ်းဓာတ်အားခွဲရုံမှ တစ်ဆင့် ဓာတ်အားလက်ခံ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ရှိ ကျိုင်းတုံမြို့နှင့် အခြားမြို့များသို့ ဓာတ်အားစနစ် ကွန်ရက်မှ ဓာတ်အားချိတ်ဆက် ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် စတင်တည် ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် တွင် ဓာတ်အားစတင် လက်ခံ ပို့လွှတ် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်