
တီဟီရန် သြဂုတ် ၅
ရက်ပေါင်း ၁၅၀ ကြာရပ်နားပြီးနောက် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား ၂၀၁၅ နျူကလီးယား သဘောတူညီချက် ပြန်လည်သက်ဝင်ရေးအတွက် ဆွေးနွေးပွဲအသစ်တစ်ခုကို ဗီယင်နာ၌ သြဂုတ် ၄ ရက်က ပြန်လည်စတင်ခဲ့ကြောင်း အီရန် တရားဝင် သတင်းအေဂျင်စီ အိုင်အာရ်အင်န်အေက ဖော်ပြသည်။
အီရန်နျူကလီးယား စေ့စပ်ညှိနှိုင်းရေးမှူး အကြီးအကဲ အလီဘာဂါရီကာနီ ဦးဆောင်သည့် အီရန်ညှိနှိုင်းရေးအဖွဲ့သည် ဗီယင်နာရှိ နိုင်ငံတကာ အဖွဲ့အစည်းဆိုင်ရာ ရုရှားအမြဲတမ်း ကိုယ်စားလှယ် နှင့် ဗီယင်နာဆွေးနွေးပွဲ ညှိနှိုင်းရေးမှူးအကြီးအကဲ မီခေးလ် ယူလျန်နော့ဗ်ဦးဆောင်သည့် ရုရှားညှိနှိုင်း ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်အဖွဲ့များသည် ထူးထူးခြားခြား ပြဿနာများကို ဖြေရှင်းကျော်လွှားနိုင်ရန် အပြု သဘောဆောင်သည့် ဆွေးနွေးမှုများအပေါ် ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ယူလျန်နော့ဗ်က ပြောကြားခဲ့သည်။
အီရန်နျူကလီးယားဆွေးနွေးပွဲအတွက် အီရန် နျူကလီးယား စေ့စပ်ညှိနှိုင်းရေးမှူးအကြီးအကဲ အလီဘာဂါရီကာနီသည် ဥရောပသမဂ္ဂညှိနှိုင်းရေးမှူး အန်းရစ်မော်ရာနှင့်သာမက သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူးချုပ် ပီတာလန်စကီ-တိုင်ဖန်တယ်နှင့်လည်း တွေ့ဆုံ ခဲ့သည်။
အီရန်နိုင်ငံသည် ၂၀၁၅ ခုနှစ် ဇူလိုင်လက ပူးတွဲအကောင်အထည်ဖော်မှု ဘက်စုံစီမံချက် (ဂျေစီပီအိုအေ) ဟု လူသိများသည့် နျူကလီးယား သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
ဆင်ဟွာ