
စစ်တွေ ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်း ရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက စစ်တွေမြို့ ပြည်နယ် တိုင်းရင်းဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာ များကို သီးသန့်ကုသမှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးကြ သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာ အောင်ကျော်မင်း နှင့်အဖွဲ့သည် စစ်တွေမြို့ ပြည်နယ် တိုင်းရင်းဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အမျိုးသမီးများအား ထားရှိရန် နေရာများကို သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူးနှင့် စစ်တွေ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က လူနာများအတွက် ခုတင်၊ အိပ်ရာခင်းများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ စီစဉ် ထားရှိမှုတို့ကို လိုက်လံရှင်းလင်း ပြသကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် တိုင်းရင်းဆေးရုံဆေးကုသ ဆောင် အပေါ်ထပ်၌ အမျိုးသား လူနာများအားထားရှိမည့် နေရာ များကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
ထိုသို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ပြည်နယ်ဝန်ကြီး ချုပ်က တိုင်းရင်းဆေးရုံအတွင်း လျှပ်စစ်မီးများ ကောင်းမွန်ရေး၊ ရေချိုးခန်း၊ အိမ်သာများ ကောင်းမွန်ရေးနှင့် ဆေးရုံပတ်ဝန်း ကျင် သန့်ရှင်းသာယာရေးတို့ကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ကြရန် မှာကြားသည်။
စစ်တွေမြို့ရှိ ပြည်နယ် တိုင်းရင်းဆေးရုံတွင် ဌာနဆိုင်ရာ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများကို ကုသမှု ပေးနိုင်ရန်အတွက် လူနာ ၈၀ အတွက် စီစဉ်ဆောင်ရွက်ထား ကြောင်း သိရသည်။
စစ်တွေမြို့နယ်တွင် ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေတက္ကသိုလ်နှင့် ပြည်နယ် တိုင်းရင်းဆေးရုံတို့တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ခံရသူများကို သီးသန့် ကုသမှုပေးနိုင်ရန် အတွက် လူဦးရေ ၅၈၀ ခန့် အတွက် စီစဉ်ဆောင်ရွက်ထား ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)