ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း မောင်တောခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

စစ်တွေ   ဇန်နဝါရီ   ၁၆

 


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော် မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်   ထင်လတ်ဦး၊    ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက   မောင်တောခရိုင်   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ 

 


ရှင်းလင်းတင်ပြ


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်  အဖွဲ့သည်  မောင်တောခရိုင် မြင်းလွတ်မြို့  ကျောက်ပန္ဒူ ကျေးရွာအုပ်စု ကျောက်ပန္ဒူ- စေတီပြင်ကားလမ်း ဘေးရှိ မြေနေရာတွင် တိုက်ပွဲရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စု ၁၅၀ အား နေရာချထားမည့် မြေနေရာ အား သွားရောက်ကြည့်ရှုကြရာ ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးဦးစီးဌာန၊    ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက်၍   ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခရေမြိုင်ကျေးရွာအနီး ရှင်းလင်းဆောင်တွင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊     ပြည်နယ်ဦးစီးမှူးက ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် သန်း ၁၅၀ ဒသမ ၁၉၀ ဖြင့်   ဝေသာလီ- ဥဒေါင်းလမ်း   ၁၃ မိုင်တွင်   ကွန်ကရစ်လမ်းပိုင်းပျက်စီးနေမှုများကို   ပြန်လည် ပြုပြင်နေမှု၊ လမ်းပခုံးဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက   လိုအပ်သည်များကို   ပေါင်းစပ်ညှိနှိုင်းပေး ကြပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာ ကျသည့်    ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အတွက် လမ်းကြံ့ခိုင်ကောင်းမွန်ရေး အထူးအလေး ထားဆောင်ရွက်ပေးကြရန် မှာကြားကြသည်။

 


ပေါင်းစပ်ညှိနှိုင်း


မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊   ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မောင်တောမြို့ အမျိုးသမီး အိမ်တွင်းမှုသင်တန်းကျောင်းသို့     သွားရောက်ပြီး အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၂)တွင် တက်ရောက်သင်ကြားလျက်ရှိသော သင်တန်း သူများနှင့် သင်တန်းနည်းပြများအား  ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ သင်တန်းသူ များအတွက်   ထောက်ပံ့ငွေများ  ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသူများအိပ်ဆောင်နှင့် စားရိပ်သာများအားလှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ 

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မောင်တောမြို့ မြို့မကျောင်းတိုက်၌ ကိန်းဝပ်စံပယ် တော်မူလျက်ရှိသော မဟာကျန် ဗုဒ္ဓရုပ်ပွားတော်အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ကျောင်းတိုက် အတွင်း၌ မောင်တောမြို့ပေါ်မှ ဆရာတော် သံဃာ တော်များအား    ဖူးမြော်ကာ    လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် အဖွဲ့သည် မောင်တောနယ်စပ် - ကညင် ချောင်း စီးပွားရေးဇုန်   တည်ဆောက်ရေးစီမံကိန်း  သို့   သွားရောက်ပြီး   စီးပွားရေးဇုန်ကြီးကြပ်ရေး ကော်မတီရုံးခန်းမ၌ ဌာနဆိုင်ရာများ၊ စီးပွားရေးဇုန် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် မောင်တောခရိုင်   စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌက ကညင်ချောင်းစီးပွားရေးဇုန် ဖွင့်လှစ်ထားရှိမှုအခြေ အနေ၊    နယ်စပ်စီးပွားရေး   ဆောင်ရွက်မည့်အခြေ အနေနှင့်  နွားပွဲဈေး သတ်မှတ်ဆောင်ရွက်မည့်အခြေ အနေများကိုလည်းကောင်း၊   ခရိုင်လမ်းဦးစီးမှူးက ကညင်ချောင်းစီးပွားရေးဇုန်      ပင်မလမ်းရေရှည် ကောင်းမွန်စေရေး ပြုပြင်ဆောင်ရွက်ရမည့် အခြေ အနေများအားလည်းကောင်း၊ ကညင်ချောင်းစီးပွား ရေးဇုန် ဒုတိယဥက္ကဋ္ဌ၊ ဦးအောင်မြင့်သိန်းက ကညင် ချောင်းစီးပွားရေးဇုန် တည်ဆောက်နေမှု၊ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ       ဆောင်ရွက်နေမှုနှင့် နိုင်ငံခြားဝင်ငွေရရှိမှု၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များ ဆောင်ရွက်စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလုပ်ငန်းများနှင့်အညီ ဆောင်ရွက်နေမှုစသည့်ကိစ္စများနှင့်ပတ်သက်၍ လည်းကောင်း၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စီးပွားရေးဇုန် ဆောင်ရွက်မှုများနှင့်လည်းကောင်း   အသီးသီး ရှင်းလင်းတင်ပြကြရာ     ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့ကအကြံပြု ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။ တင်ပြချက်များအပေါ်   ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေါင်းစပ်ညှိနှိုင်းပေး ကြသည်။

 


ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် မောင်တော- ကညင်တန်း- အလယ်သံကျော်- အငူမော်လမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)