
စစ်တွေ ဇူလိုင် ၁၃
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော် မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ကွင်းဆင်းဆောင်ရွက်ကြသည်။
ကြည့်ရှုအားပေး
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီး တောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်း အခြေခံ ပညာ အထက်တန်းကျောင်းသို့ လည်းကောင်း၊ အမှတ်(၁)အခြေခံပညာကျောင်းသို့ လည်းကောင်း သွားရောက်ပြီး အသက်ငါးနှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား လှည့်လည် ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ကျောင်းဆောင် အတွင်း လှည့်လည်ကြည့်ရှုကြပြီး ကျောင်းအတွက် လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ယင်းနောက် ဘူးသီးတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်သော မိုးစပါး၊ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ကွက်များ ဆောင်ရွက်သည့် အကျိုးဆောင် တောင်သူများကို ဓာတ်မြေသြဇာ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့က မျိုးစေ့ထုတ်တောင်သူများကို ဓာတ်မြေဩဇာများ ထောက်ပံ့ပေးကာ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထွန်းမြင့်က စံပြကွက် စိုက်ပျိုးတောင်သူများအား ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများနှင့်အတူ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က တောင်သူပညာပေး စူပါအီးအမ်ဘိုကာရှီ ပြုလုပ် နည်း လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုအားပေး ကြသည်။
ငါးမျိုးများစိုက်ထည့်
ထို့နောက် ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ပြုလုပ်သည့် ပန်းဇင်းချောင်း ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပန်းဇင်း ချောင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးကြသည်။
ယင်းနောက် ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ပြုလုပ်သော ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးများက မိမိတို့ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်း ပြောကြားကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)