ရခိုင်ပြည်နယ်တွင် ငါးသလောက်မျိုးစိတ် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေးဧရိယာနှင့် ကာလသတ်မှတ်

 

စစ်တွေ   ဖေဖော်ဝါရီ   ၂၃


မြန်မာနိုင်ငံမှ ငါးသလောက်ကို ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်တွင် ငါးသလောက် မျိုးစိတ်ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရေးဧရိယာများ သတ်မှတ်ထုတ်ပြန်ထားကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 

 


ရခိုင်ပြည်နယ်တွင်    မြေပုံမြို့နယ်နှင့်    မင်းပြား မြို့နယ်အတွင်း   တည်ရှိသည့်   မြစ်၊ ချောင်းများကို ငါးသလောက် ထိန်းသိမ်းရေးဧရိယာအဖြစ် ကနဦး သတ်မှတ်ရာ၌ မြေပုံမြို့နယ် မင်းကြောင်းမြစ်အတွင်း ရာသီအလိုက်   ငါးသလောက်  ထိန်းသိမ်းရေးဧရိယာ အဖြစ်   ၂၀၆၅  ဧကကို    ကနဦးသတ်မှတ်ထားသည်။ ရာသီအလိုက်  ငါးသလောက်ထိန်းသိမ်းရေးဧရိယာ တွင် တစ်နှစ်လျှင် ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိ၊ စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ  ထိန်းသိမ်းရေးကာလအဖြစ်     နှစ်ကြိမ်သတ်မှတ် ထားပြီး  အခြားဧရိယာအချို့ကိုလည်း ဆက်လက် သတ်မှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 


ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏   အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)   ဆုံးဖြတ်ချက်အရ  ငါးသလောက် ငါးမျိုးထိန်းသိမ်းရန်    အမိန့်ကြော်ငြာစာကို   ၂၀၂၂ ခုနှစ်     ဇန်နဝါရီ   ၂၀  ရက်က    ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့ငါးသလောက် ထုတ်လုပ်မှု ၃ ရာခိုင်နှုန်းရှိပြီး အိန္ဒိယနိုင်ငံသည် ၂၅ ရာခိုင်နှုန်းရှိ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၆၅ ရာခိုင် နှုန်းရှိသောကြောင့် ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဈေးကွက်ရှိသော ငါးသလောက်ရေထွက်ကုန်မှ     နိုင်ငံခြားဝင်ငွေ ပိုမိုရရှိရန်အတွက်    စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက  အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

 


“ငါးသလောက်ဟာ   နိုင်ငံတကာဈေးကွက်မှာ ဈေးရတဲ့  ငါးတစ်မျိုးပါ။   ပြည်တွင်းမှာ  တစ်ချိန်က ငါးသလောက် ပေါခဲ့ပေမယ့် တဖြည်းဖြည်း ရှားပါး လာတာကြောင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာ ငါးသလောက်ဈေးကွက်ကို        ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံမှာ  ငါးသလောက်ထွက်နေတဲ့အတွက် ပိုမိုထုတ်လုပ်နိုင်အောင်     ထိန်းသိမ်းရေးလုပ်ငန်း တွေကို      ပြန်လည်ချိတ်ဆက်     ဆောင်ရွက်ပြီး ငါးသလောက်  ထိန်းသိမ်းရေးဧရိယာနဲ့ ကာလကို သတ်မှတ်ဆောင်ရွက်ခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဟာ ကမ္ဘာ့ငါးသလောက် ထွက်ရှိနှုန်းပထမဖြစ်တဲ့ အတွက်     နှစ်စဉ်  ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အောင်မြင်တယ်။ မဖမ်းရတဲ့  သတ်မှတ်ကာလမှာ သတ်မှတ်ဧရိယာက      ရေလုပ်သားတွေကို    လူမှု အထောက်အကူပြုအဖွဲ့တွေနဲ့       ချိတ်ဆက်ပြီး စားသောက်ရေးကို ဆောင်ရွက်ပေးတယ်။ ရေလုပ် သားတွေကလည်း  အတိအကျလိုက်နာကြတယ်။ ဒါကြောင့်     ကမ္ဘာကို    ငါးသလောက်အများဆုံး တင်ပို့တဲ့နိုင်ငံ ဖြစ်လာတာပါ။ ငါးသလောက်က ရေချို မှာ   ပေါက်ပွားပြီး   ရေငန်မှာ   ကြီးပြင်းတာကြောင့် ထိန်းသိမ်းရေးကာလကို ကြပ်မတ်လိုက်နာမယ်ဆိုရင် မြန်မာ့ငါးသလောက်ပို့ကုန်   ပြန်ပြီးဦးမော့လာမှာ ပါ”ဟု      ရခိုင်ပြည်နယ်     ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက ပြောသည်။ 

 


ရခိုင်ပြည်နယ်တွင် ငါးသလောက်သားပေါက် ချိန်၌    ကျားပိုက်များအတွင်းသို့   သားပေါက်များ တိုးမိလေ့ရှိပြီး  ငါးရစ်ငါးသန်မဖမ်းရ ရာသီတွင်လည်း ဖမ်းဆီးမှုတို့ကြောင့် ကြီးထွားချိန်မရဘဲ ဆုံးရှုံးမှုများ ရှိခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ငါးသလောက်ရှားပါး မှုနှင့် ဈေးနှုန်းကြီးမြင့်မှုကို ကြုံတွေ့ရခြင်းဖြစ်သည်။ ပြည်တွင်းစားသုံးမှုဖူလုံ၍    ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရန်၊  ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေ ရရှိရန်နှင့်    ငါးမျိုးစိတ်    ရေရှည်တည်တံ့စေရန် နိုင်ငံတော်မှ  ငါးသလောက်မျိုးစိတ်ထိန်းသိမ်းရေးဧရိယာနှင့် သတ်မှတ်ကာလအား ကြိုးပမ်းဖော်ဆောင် လျက်ရှိပြီး      နိုင်ငံတစ်ဝန်း၌     ငါးသလောက် ထိန်းသိမ်းရေးဧရိယာ  ၁၁  နေရာအား     ကနဦး သတ်မှတ် ဆောင်ရွက်နေကြောင်း သိရသည်။ 


 ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး